ဖားကန့်မြို့နယ်စုပေါင်းရုံးမှာ ဒရုန်းဗုံးတိုက်ခိုက်ခံရလို့ KNDPC ကုမ္ပဏီ တာဝန်ခံနဲ့ ဈေးသည်တယောက်သေဆုံး

အောက်တိုဘာ ၇ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် စုပေါင်းရုံးမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းဝေးလုပ်နေချိန် စုပေါင်းရုံးခန်းမအပြင်ဘက်ကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး နှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ ဒရုန်းဗုံးကျရောက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ KNDPC ကုမ္ပဏီရဲ့ တာဝန်ခံ ဦးဇော်အောင်နဲ့ ဈေးသည်တယောက် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” အစည်းဝေးလုပ်ချိန်မှာ FVP ဆူဆိုက်ဒရုန်းနှစ်လုံးလာချတယ်။ ပထမတလုံးလာချတော့ ခန်းမရဲ့အပြင်မှာရှိနေတဲ့ KNDPC ကုမ္ပဏီတာဝန်ခံ ဦးဇော်အောင်ကွယ်လွန်တယ်။ ဒုတိယတလုံးက စုပေါင်းရုံးရဲ့ ဂုံးအောက်မှာကျတော့ စျေးရောင်းနေတဲ့ အထမ်းသယ် အဲဒီနားမှာပဲသေသွားတယ်” လို့ ဖားကန့်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြောပါတယ်။
အဲဒီအစည်းအဝေးဟာ လက်ရှိပျက်စီးနေတဲ့ ဖားကန့်လမ်းကို ပြုပြင်ဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်တွေ ကုမ္ပဏီ တာဝန်ခံတွေ၊ ဆီလုပ်ငန်းရှင် ၊ ဆန်လုပ်ငန်းရှင် နဲ့ တခြားလုပ်ငန်းရှင်တွေ အပါအဝင် ရပ်မိရပ်ဖတွေ စုပေါင်းပြီး ဆွေးနွေးညှိနှိုင်းကြတဲ့ အစည်းဝေးဖြစ်တယ်လို့ သိရပါတယ်။
” လမ်းပြင်ဖို့လုပ်တဲ့အစည်းအဝေးပါ။ဒီလမ်းကအရမ်းဆိုးနေလို့ ခင်းဖို့ အတွက် ကုမ္ပဏီလုပ်ငန်းရှင်တွေစုပြီးဝိုင်းလှူပြီးလမ်းပြင်ဖို့လုပ်တာကို ဒီလို ဒရုန်းလာချတာ မလုပ်သင့်တဲ့ အလုပ်ကိုလုပ်တာပါ။ပြည်သူ့မျက်နှာကို မကြည့်တာဖြစ်ပါတယ်။” လို့ သူက ထပ်ပြောပါတယ်။
ဒရုန်းက စုပေါင်းရုံးခန်းမအပြင်ဘက်ကို ကျရောက်ခဲ့တာကြောင့် အစည်းဝေးပြုနေသူတွေတော့ ထိခိုက်ဒဏ်ရာ ရရှိတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW