အောက်တိုဘာ ၇ ၊ ၂၀၂၆
GG (VOM)
ဒီနှစ် ကြံရာသီမှာ ပဲခူးတိုင်းအနောက်ပိုင်း ၊ပေါက်ခေါင်းမြို့နယ်ရှိ အင်းငါးခွသကြားစက်ရုံက ကြံတတန်စျေးကို အရင်နှစ်ကထက် ၃၀၀၀၀ လောက်လျှော့ပြီး ၁၃၉၀၀၀ ဝန်းကျင်နဲ့ စျေးဖွင့်ဖို့ စီစဥ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
ကြံစိုက်ပျိုး ရိတ်သိမ်းတဲ့ကုန်ကျစရိတ်တွေမြင့်တက်လာတာကြောင့် တောင်သူတွေက ကြံတတန်ကို နှစ်သိန်းကျပ်မရရင်တောင် မနှစ်ကကြံတတန် စျေး ၁၇၀၀၀၀ ကျပ်လောက်ရဖို့ မျှော်လင့်စိုက်ပျိုးထားတဲ့အပေါ် အခုလို စျေးနှိမ်ပြီး ဖွင့်လာတာကြောင့် အခက်ကြုံနေရတယ်လို့ သိရပါတယ် ။
အဲဒီ ကြံတတန်ကို ၁၃၉၀၀၀ ဆိုတဲ့စျေးနူန်းဟာ တောင်သူတွေ အနေနဲ့ သကြားစက်ရုံကို အရောက်ပို့ပေးရတဲ့နူန်းဖြစ်ကြောင်း ၊ ဒီနှစ်မှာ ကြံတတန်ကို စက်ရုံပို့တဲ့ကားခဟာ ၃၀၀၀၀ ကျပ်အထိ ရှိနိုင်တဲ့အတွက် တောင်သူအနေနဲ့ ၁၀၉၀၀၀ ကျပ်သာ ရရှိမှာ ဖြစ်ပါတယ်။
” ကားခက ၃၀၀၀၀ ပြောနေတယ်။ ကားခနူတ်ပြီးကျန်တဲ့ ၁၀၉၀၀၀ ကအသားတင်ရတာမဟုတ်ဘူး။ အဲဒီထဲက မြေဩဇာ ၊ ကြံခုတ်တဲ့အလုပ်သမားခ၊ ကြံစိုက်ခ အထွေထွေကုန်ကျစရိတ်တွေရှိတယ်။ မကိုက်ဘူး ။ရှုံးတယ်။ နောက်နှစ်မစိုက်ဖို့ပဲရှိတော့တယ်။ ” လို့ ကြံစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
စက်ရုံဘက်ကတော့ ခုလို ကြံတတန်စျေးကို အရင်နှစ်ကထက် လျှော့ချသတ်မှတ်တာဟာ ပြည်တွင်းသကြားစျေးကျတဲ့အပြင် ပြည်ပတင်ပို့မှုနည်းတဲ့အတွက်ကြောင့်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာဆိုရင် သကြားစက်ရုံတွေက ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ ကြံရာသီတိုင်းမှာ ကြံတတန်စျေးကို အခြားဒေသတွေက ဖွင့်တဲ့စျေးထက် တော်တော်များများလျှော့ချပြီး ဝယ်ယူမှုရှိနေပါတယ်။
မနှစ်က ဒေသအများစုမှာ ကြံတတန်စျေး ၁၇၀၀၀၀ ကျပ်ဖွင့်ပေမယ့် စစ်ကိုင်းအထက်ပိုင်းက သကြားစက်ရုံတွေက အမြင့်ဆုံး ၁၁၅၀၀၀ ကျပ်စျေးနဲ့သာ ဝယ်ယူခဲ့ပြီး ထွက်ရှိသမျှကြံအားလုံးကို ဝယ်ယူခြင်းမရှိခဲ့တာကြောင့် တောင်သူတွေ အရှုံးကြီးခဲ့ပါတယ်။
” မနှစ်က သကြားစက်ကမဝယ်လို့ ဧက ၉၀ ကြံမခုတ်ရဘူး ။ ခုနှစ်မှ ခုတ်ရောင်းရမယ်။ မနှစ်က ကြံဖိုးတောင်အကြေရတာ မကြာသေးဘူး။ ဒီမှာ ရှိတဲ့သကြားစက်ရုံက စျေးမတူဘူး ။တောင်သူတွေက စက်ရုံအကုန်လုံး စျေးတန်းတခုထဲ ဖြစ်စေချင်တယ်။ နောက်တခုအရေးကြီးတာက ထွက်သမျှကြံကို အကုန်ဝယ်ဖို့လိုတယ်။ စျေးပေးနည်းတော့လည်းရှုံးတယ်။ ကြံကို အကုန်မဝယ်တော့လည်း အလေလွင့်များပြီး ရှုံးတယ်။ မနှစ်က တခြားဘက်တွေ ၁၇၀၀၀၀ မှာတောင် ကျွန်တော်တို့ဘက် ၁၁၅၀၀၀ ပဲရတာ။ ခုနှစ်ဆိုရင် ဘယ်လိုဖြစ်မလဲ မသိသေးဘူး ။ ” လို့ စစ်ကိုင်းတိုင်း အထက်ပိုင်း ကြံတောင်သူ တယောက်က ပြောပါတယ်။
ဒါကြောင့် ကြံတတန်စျေးနူန်းကို တောင်သူနဲ့ သကြားစက်ရုံအကြား နှစ်ဦးနှစ်အဖက်အဆင်ပြေမယ့် နူန်းထားကို သတ်မှတ်ပေးဖို့ နဲ့ သကြားစက်ရုံအားလုံးကို စျေးတန်းတညီတည်းသတ်မှတ်ပြီး ထွက်ရှိသမျှကြံအားလုံးကို ဝယ်ယူပေးဖို့ အဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီအပေါ် မြန်မာနိုင်သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူက “ကြံတန်ချိန်ကြိတ်ဝါးမှုများတဲ့သကြားစက်အကြီးက ကုန်ကျစရိတ် နည်းတော့စျေးပိုပေးတယ်။သကြားစက်အသေးကကျ တန်ချိန်နည်းတော့ စျေးပိုမပေးနိုင်ဘူးပေါ့ ။အဲဒီတော့ သကြားစက်တွေ တစျေးတည်းသတ်မှတ်ဖို့ကမဖြစ်နိုင်ဘူး။ ကြံသကြားဥပဒေထွက်လာရင်တော့ တောင်သူတွေမနစ်နာအောင် လုပ်နိုင်တဲ့အစီအစဥ်တွေရှိလာမယ်။ စစ်ကိုင်းဘက်ဆိုရင် မနှစ်က ကြံအကုန်မဝယ်တဲ့အပြင် စျေးပါနည်းလို့ ဒီနှစ် စိုက်သူတော်တော်လျော့တယ်။ ” လို့ ပြောပါတယ်။
ဒီနှစ်မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း အပါအဝင် ဒေသတချို့မှာ ကြံစိုက်ပျိုးမှုသိသိသာသာ လျော့ကျခဲ့တာကြောင့် ကြံအထွက်နူန်းလျော့ကျပြီး သကြားထုတ်လုပ်မှုလည်း လျော့ကျနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
