မန္တလေး၊ အောက်တိုဘာ- ၁၂- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အတွင်းကျရောက်နေတဲ့ ဧက ၂၀၀ အပေါ်မှာ ဖယ်ရှားခံရမယ့် ဒေသခံတွေက သူတို့ရဲ့ ဖျက်သိမ်းခံရမယ့် နေအိမ်တွေရဲ့ အခက်အခဲကို ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရှင်းလင်းခဲ့သလို စီမံကိန်းဘက်က တာဝန်ရှိသူကလည်း သူတို့လုပ်ဆောင်ပေးမယ့် ကိစ္စတွေကို အသီးသီးရှင်းလင်းခဲ့ကြပါတယ်။
ဒီကနေ့မနက်ပိုင်းက ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ ကျေးရွာအသီးသီးက ကျောင်းထိုင်ဆရာတော်တွေအပါအဝင် ကော်မတီအဖွဲ့က တာဝန်ရှိသူတချို့နဲ့ စီမံကိန်းဘက်က တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဒါရိုက်တာ ဦးဇော်ရဲဝင်းတို့က သူတို့လုပ်ဆောင်မယ့် အချက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံ ပြောကြားခဲ့ပါတယ်။
အမရပူရခရိုင်၊ ယဥ်တော်ကျေးရွာအုပ်စုနဲ့ ငယ်တိုးတိုက်နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း ပုံစံ ၇ နဲ့ ကိုင်းမြေစိုက်ပျိုးလုပ်ပိုင်ခွင့်ရှိတဲ့ စုစုပေါင်းဧရိယာ ၄၀၅.၅၀ ဧကအတွင်းမှာ စိုက်ပျိုးလုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်ရုပ်သိမ်းခဲ့ပြီးဖြစ်တာကြောင့် လယ် ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ လက်ဝယ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်နှုန်းထား ငွေကြေးသော်၄င်း၊ စီမံကိန်းစာချုပ်ပါအတိုင်း စီမံကိန်းမှ ပေါ်ထွက်လာမယ့် မြို့မြေကွက်သော်၄င်း လာရောက်ထုတ်ယူဖို့ ကြေငြာစာတွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း မှာ ရွာမြေအပါအဝင် နေအိမ် တသောင်းကျော်ရှိတယ်လို့ ဒေသခံတွေအပြောအရ သိရပါတယ်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မည်သည့်ရွာမျှပြောင်း ရွှေ့ရခြင်း မရှိကြောင်း နှင့် လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသူများထံမှ အမှန်တကယ်ဝယ်ယူ မိသူများ ဖြစ်ပါက ဆုံးရှုံးမှုသက်သာစေရေးအတွက် ကုမ္ပဏီ အနေနှင့် တတ်နိုင်သမျှ အကောင်းဆုံးကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၄) ရက်နေ့ က ထုတ်ပြန်ထားတာတွေ့ရပါတယ်။
