အောက်တိုဘာ ၁၂ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ အောက်တိုဘာ ၃ ရက်ကနေ ၁၂ ရက်အထိ၊ ၁၀ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၁၈ ယောက် သေဆုံးကာ အယောက် ၅၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ် (အနောက်ခြမ်း) က မဲကုန်း၊ ဥယျာဉ်မ၊ ရွာသာကြီးနဲ့ လှတောကျေးရွာတွေမှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက် ၃ နာရီဝန်းကျင်က လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“မနက်အစောပိုင်းဆိုတော့ အားလုံး အိပ်မောကျနေတဲ့ အချိန်မှာ ဖြစ်သွားတာ။ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၃ ကြိမ်လောက် ရှိမယ်။ ထိခိုက်၊ သေဆုံး အရေအတွက်က ကနဦး ရထားတဲ့ စာရင်းအရပဲ ပြောနိုင်သေးတာ။ အတိအကျ မသိရသေးဘူး။ စိစစ်နေတုန်းပဲ” လို့ ကူညီပေးနေသူက ပြောပါတယ်။
ဒါအပြင် မနေ့ အောက်တိုဘာ ၁၁ ရက်၊ မနက် ၁၁ နာရီ ၄၄ မိနစ်ဝန်းကျင်ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ မဟာစည်ကျောင်းတိုက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နှစ်ယောက် သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရခဲ့တဲ့အပြင် ဓမ္မာရုံတွေ၊ ရိပ်သာဆောင်တွေ၊ ဇရပ်ဆောင်းတန်းတွေနဲ့ အဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လေယာဉ်နဲ့ရော ဒရုန်းတွေနဲ့ပါ တိုက်ခိုက်မှု လုပ်သွားတာ။ လေယာဥ်နဲ့က သုံးကြိမ်၊ ဒရုန်းက နှစ်ကြိမ် ဖြစ်တယ်။ သေဆုံး နှစ်ယောက်က ဆေးကုသရင်းပဲ ဆုံးသွားတာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာမှာ စက်တပ်လေထီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့သလို မြောင်နဲ့ ချောင်းဦးမြို့နယ်အစပ်၊ ပန်းလှကျေးရွာရှိ ဘုန်းကြီးကျောင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နှစ်ယောက် ဒဏ်ရာရကာ ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မုံရွာမြို့နယ်အနီး၊ ပျံကျအနောက်ရွာ ဘုန်းကြီးကျောင်းမှာလည်း အောက်တိုဘာ ၇ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် ဒဏ်ရာရကာ ကျောင်းဆောင်တချို့ ပျက်စီးခဲ့သလို အောက်တိုဘာ ၅ ရက်ကလည်း ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်အနီးမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ငါးယောက် သေဆုံးကာ အယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ကလည်း မုံရွာမြို့အနီး ဘူးထောင်းကန်နဲ့ ထနောင်းဝန်းကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တယောက် သေဆုံးခဲ့သလို အောက်တိုဘာ ၃ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် (အရှေ့ခြမ်း)၊ ချောင်းရှည်၊ ထန်းတောနဲ့ အုန်းခြောက်လုံးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရခဲ့တဲ့အပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်း အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ရေး လေ့လာသူတယောက်က လက်ရှိမှာ အစိုးရတပ်တွေဟာ အညာဒူဘိုင်းဒေသလို့ သတင်းကြီးတဲ့ မြိုင်ဒေသက ရေနံတွင်းတွေအပြင် ကျွန်းလှနယ်ဘက်မှာလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေ ပိုင်ဆိုင်တဲ့ သဖန်းဆိပ်ဆည်ထဲက ရွှေဖောင်တွေကို လေကြောင်းကနေ ရှင်းလင်းနေတယ်လို့ ပြောပါတယ်။
အဲဒီလိုပဲ ရွှေဘိုနယ်နဲ့ ဒီပဲယင်းနယ်ဘက်က လက်နက်ကိုင်တပ်တွေရဲ့ စုဖွဲ့ တည်နေရာတွေကိုလည်း ခပ်စိပ်စိပ် ရှင်းလင်း ဆောင်ရွက်လာတာတွေ့ရပြီး ဒါအပြင် သဖန်းဆိပ်ဆည် အနောက်ဘက်ဒေသက ရေနံမှော်ကိုလည်း ရှင်းလင်းပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“ချောင်းဦး၊ ဘုတလင်၊ စိုင်ပြင်၊ ဒီပဲယင်း၊ ရေဦး၊ ရွှေဘို၊ တန့်ဆည်၊ ခင်ဦး၊ ကန့်ဘလူနယ်တွေ အေးချမ်းစေချင်ရင် တန့်ဆည်နယ် မြောက်ခြမ်းဒေသ၊ ကျွန်းလှနယ် သဖန်းဆိပ်ဆည် အနောက်ဘက်ဒေသ၊ ကောလင်းနယ် အနောက်ဘက်ဒေသကို ရှင်းလင်းဖို့ လိုအပ်ပါတယ်။ အဲဒီ ဒေသတွေမှာရှိတဲ့ ရွှေလုပ်ကွက်တွေ၊ ရေနံလုပ်ကွက်တွေဟာလည်း လက်နက်ကိုင်တပ်တွေ ပိုင်ဆိုင်တဲ့ လုပ်ကွက်တွေပဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
တန့်ဆည်၊ ကျွန်းလှနဲ့ ကောလင်းဒေသတွေက အဲဒီ လမ်းကြောင်းနေရာတွေဟာ မြန်မာပြည် အလယ်ပိုင်းဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့က လူ၊ လက်နက် ထောက်ပံ့ ပို့ဆောင်ရာ လမ်းကြောင်းတွေလို့ သူက ပြောပါတယ်။
ဒါအပြင် မြန်မာပြည် (အထက်ပိုင်း) တိုက်ကွက် ဖော်ဆောင်မယ်ဆိုပါက KIA က အဲဒီမြို့တွေကနေ လူအင်အား ဖြည့်တင်းပေးနေသလို မြန်မာပြည် (အလယ်ပိုင်း) တိုက်ကွက် ဖော်ဆောင်မယ်ဆိုပါကလည်း ခဲယမ်း၊ လက်နက်ကို ကားတွေနဲ့ ပို့ဆောင်ပေးတဲ့ လမ်းကြောင်းတွေလို့ သူက ပြောပါတယ်။
