ရန်ကုန်မြို့က Shopping Mall တွေနဲ့ ဈေးတွေမှာ အရောင်းအဝယ် အေးလာတာကြောင့် ဆိုင်ပိတ်သိမ်းမှု များလာ

နိုဝင်ဘာ ၈ – ၂၀၂၆
SN (VOM)
ရန်ကုန်မြို့က နာမည်ကြီး Shopping Mall တွေနဲ့ ဈေးတွေမှာ အရောင်းအဝယ်တွေ အေးလာပြီး အထွေထွေ ကုန်ကျစရိတ်တွေ များပြားလာတာကြောင့် ဆိုင်ခန်းတွေ ပြန်လည်အပ်နှံတာ၊ ဆိုင်ခန်း ပြန်လည်ရောင်းချတာ၊ ဆိုင်ပိတ်သိမ်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ စီးပွားရေး အကျပ်အတည်းတွေကြောင့် ဈေးဝယ်ယူသူ သိသိသာသာ လျော့နည်းလာပြီး လစဉ်ဆိုင်ခန်းခ၊ မီတာခ၊ ဝန်ထမ်းစရိတ်၊ ဝန်ဆောင်ခ စတဲ့ အထွေထွေ ကုန်ကျစရိတ်တွေနဲ့ တွက်ခြေမကိုက် ဖြစ်လာတာကြောင့် ဆိုင်ခန်းပိတ်သိမ်းမှုတွေ ပိုမို များပြားလာနေတယ်လို့ သိရပါတယ်။
“အရင်ကဆို ရုံးပိတ်ရက်တင်မကဘူး၊ ကြားရက်တွေမှာတောင် လူစည်ပြီး အရောင်းအဝယ် ဖြစ်သေးတယ်။ အခုနောက်ပိုင်းကျတော့ Shopping Mall ထဲမှာ လူတွေက လာတော့လာကြတယ်၊ ဒါပေမယ့် လေအေးပေးစက် အအေးခံတာနဲ့ စားသောက်ဆိုင်တန်းတွေလောက်ပဲ လူရှိတော့တာ။ ကျွန်မတို့လို အဝတ်အထည်ဆိုင်တွေကျ ဝင်ကြည့်ရုံပဲကြည့်ပြီး ပြန်ထွက်သွားကြတာ များတယ်။ တနေ့တနေ့ ဘာမှ မရောင်းရတဲ့ရက်တွေ ခပ်စိပ်စိပ်ဖြစ်လာတယ်” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်က နာမည်ကြီး Shopping Mall တခုမှာ အထည်ဆိုင် ဖွင့်လှစ်ထားသူက ပြောပါတယ်။
စီးပွားရေးအခြေအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ မရှိမဖြစ် အခြေခံ ကုန်စည်တွေပေါ်မှာသာ ပိုမိုအာရုံစိုက်လာရပြီး ကုန်တိုက်ကြီးတွေရှိ အဝတ်အထည်၊ လူသုံးကုန်နဲ့ အလှကုန်ပစ္စည်းတွေ အရောင်းအဝယ်ဖြစ်မှုမှာ သိသိသာသာ လျော့နည်းသွားခဲ့တယ်လို့ သူက ပြောပါတယ်။
“ဆိုင်ခန်းငှားခကလည်း ဒေါ်လာဈေးနဲ့ တွက်တာဆိုတော့ ပိုပိုတက်လာတယ်။ အရင်က ၁၀ သိန်းလောက်ရှိတဲ့ ဆိုင်ခန်းတခန်းက နေရာအလိုက် သိန်း ၂၀ ကနေ ၂၅ သိန်းအထိ ဖြစ်လာတယ်။ ဝန်ထမ်းလစာနဲ့ တွက်လိုက်ရင် လကုန်ရင် အိတ်စိုက်နေရတာ သုံးလလောက်ရှိပြီ။ တချို့ဆိုင်တွေဆို ပိတ်သွားကြပြီ။ ကျွန်မတို့ဆိုင်လည်း ကြာကြာတောင့်ခံနိုင်ဖို့ အားကမရှိတော့ဘူး။ ပိတ်ရဖို့များတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ကုန်တိုက်ကြီးတွေရဲ့ စည်းမျဉ်းအရ သတ်မှတ်ထားတဲ့ အချိန်အတိုင်း မပျက်မကွက် ဆိုင်ဖွင့်လှစ်ရပြီး ဆိုင်ခန်းအလှဆင်ခနဲ့ Maintenance Fee (စီမံခန့်ခွဲမှုစရိတ်) တွေဟာလည်း လုပ်ငန်းရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ‌ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်က Shopping Mall တခုမှာ အလှကုန်ဆိုင် ဖွင့်လှစ်ထားသူက ပြောပါတယ်။
“အရောင်းအဝယ်မရလည်း ကုန်တိုက်ကြီးတွေရဲ့ စနစ်အရ ဆိုင်ကို ပုံမှန်ဖွင့်ထားရတယ်။ ဝန်ထမ်းတွေကိုလည်း လစာပေးထားရတယ်။ ဈေးမရောင်းရတဲ့အပြင် အထွေထွေစရိတ်တွေက နောက်ကနေ တောက်လျှောက်လိုက်နေတော့ တွက်ခြေမကိုက်ဘူး။ တချို့ဆို အရင်းပြုတ်မှာစိုးလို့ စပေါ်ငွေ ဆုံးရင်ဆုံးပါစေဆိုပြီး ဆိုင်ခန်းစာချုပ်ကို ဖျက်သိမ်းပြီး ထွက်ကုန်ကြပြီ။ တခြား Mall တွေက အသိဆိုင်တွေလည်း အဲဒီလိုပဲ။ တချို့ Shopping Mall ထဲ လျှောက်ကြည့်ရင်ကို ဆိုင်ခန်းအလွတ်တွေ၊ ‘For Rent’ (ငှားရန်ရှိသည်) ဆိုတဲ့ ဆိုင်းဘုတ်တွေ အများကြီး မြင်နေရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ စီးပွားရေးဈေးကွက်အတွင်း ပြည်ပမှတင်သွင်းတဲ့ ကုန်စည်တွေအပေါ် ကန့်သတ်ချက်တွေ ရှိလာခြင်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုတွေကြောင့် ဈေးဝယ်စင်တာတွေအတွင်း နိုင်ငံခြားအမှတ်တံဆိပ်နဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေ ပြတ်လပ်လာပြီး ဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် လောင်စာဆီ ရှားပါးမှုနဲ့ အထွေထွေ ကုန်ကျစရိတ်တွေ မြင့်မားလာတာကြောင့် အများပြည်သူတွေအနေနဲ့ ခရီးသွားလာမှုနဲ့ အပြင်ထွက် ဈေးဝယ်တာတွေလည်း လျော့နည်းလာတယ်လို့ သိရပါတယ်။
“အခုက တော်ရုံ အပြင်ထွက် ဈေးမဝယ်ကြတော့ဘူး။ ဆိုင်တွေမှာ သွားဝယ်တာထက် ဖုန်းလေးကြည့်ပြီး အွန်လိုင်းကနေပဲ ပစ္စည်း‌ဝယ်ကြတော့တယ်။ ခေတ်ကိုက Online Shopping ခေတ် ဖြစ်နေတာ” လို့ အီလက်ထရောနစ်ပစ္စည်း ရောင်းချသူတယောက်က ပြောပါတယ်။
စီးပွားရေး လေ့လာသုံးသပ်သူတွေကတော့ လက်ရှိအခြေအနေဟာ စားသုံးသူတွေရဲ့ ငွေကြေးသုံးစွဲမှုပုံစံ ပြောင်းလဲသွားခြင်း (Online Shopping ဘက်ကို ပိုမိုလှည့်လာခြင်း) နဲ့ အခြေခံလူတန်းစားတွေရဲ့ ဝင်ငွေနဲ့ ကုန်ဈေးနှုန်း မမျှတခြင်းတို့ကြောင့် ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
“အခုအချိန်မှာက ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ငွေကြေး ဖောင်းပွမှုဒဏ်တွေကြောင့် ပြည်သူတွေရဲ့ အခြေခံ လူနေမှုစရိတ်တွေ မြင့်တက်လာနေတယ်။ အဝတ်အထည်၊ လူသုံးကုန်နဲ့ ဇိမ်ခံပစ္စည်းတွေလိုမျိုး မရှိမဖြစ်မဟုတ်တဲ့ ကုန်စည်တွေအပေါ်မှာ အသုံးစရိတ်ကို သိသိသာသာ လျှော့ချလာကြတယ်။ ဒါကြောင့် Shopping Mall တွေမှာ အရောင်းအဝယ်တွေ အေးစက်သွားတာ” လို့ စီးပွားရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။
လက်ရှိအခြေအနေအတွင်း စားသုံးသူတွေရဲ့ ကုန်ထုတ်စွမ်းအားနဲ့ ဝယ်လိုအား ပြန်လည် မြင့်တက်လာစေဖို့ ငွေကြေးဈေးကွက် တည်ငြိမ်မှုနဲ့ အခြေခံကုန်ကျစရိတ်တွေ လျော့ကျသွားဖို့ လိုအပ်သလို ကုန်သည်တွေအနေနဲ့လည်း ရိုးရာ အရောင်းဗျူဟာတွေမှတဆင့် ဒီဂျစ်တယ်စနစ်နဲ့ ကုန်ကျစရိတ် အနည်းဆုံးဖြစ်စေမယ့် လုပ်ငန်းပုံစံသစ်တွေ ပြောင်းလဲ ပြင်ဆင်ကြရမယ်လို့ သူက ပြောပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW