ရန်ကုန်၊ ဇွန် ၇ – ၂၀၁၉
သူရိန် (VOM)
ပြည်တွင်းမှာ ဒီဘဏ္ဍာနှစ်အတွက် တတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်လုပ်ကိုင်ခွင့်တွေကို ထပ်မံခွင့်ပြုပေးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရပါတယ်။
“နိုင်ငံခြားဘဏ်တွေကို ထပ်မံခွင့်ပြုဖို့ စီစဉ်နေတယ်။ ဒီဘဏ်တွေကို စိစစ်ပြီး ခွင့်ပြုနိုင်ဖို့အတွက် အကြံပေးကုမ္ပဏီတစ်ခု ထားသွားမယ်။ အဲဒါကလည်း ပြည်ပကကုမ္ပဏီတွေပဲ ဖြစ်တယ်။ ဒီမှာလည်း ရုံးခွဲဖွင့်ထားတယ်။ သူတို့ထဲက ရွေးသွားမယ်။ ” လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုင်ငံခြားဘဏ်တွေကို ထပ်မံဖွင့်လှစ်ခွင့် ပြုဖို့အတွက် အကြံပေးဝန်ဆောင်မှုကုမ္ပဏီတစ်ခု ရွေးချယ်သွားမှာဖြစ်ပြီး အကြံပေးလုပ်ငန်းအတွက် ရွေးချယ်ဖို့ အဆိုပြုချက်တွေကို ပြီးခဲ့တဲ့လကတည်းက လက်ရှိရွေးချယ်ထားတဲ့ ကုမ္ပဏီရှစ်ခုထံ ဗဟိုဘဏ်က ပေးပို့ထားပြီး ဖြစ်ပါတယ်။
အဲဒီ ကုမ္ပဏီရှစ်ခုက Deloitte၊ PricewaterhouseCoppers ၊ KPMG ၊ Berger ၊ Allen & Gledhill ၊ Rajah & Tann NK ၊ Baker & Mckenzie တို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု တတိယအကြိမ် ခွင့်ပြုပေးမယ့် နိုင်ငံခြားဘဏ်အရေအတွက်နဲ့အချိန်ကို ပြောကြားနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်လုပ်ငန်း ခွင့်ပြုပေးခဲ့တာက ပထမအကြိမ်မှာ ၉ ဘဏ်၊ ဒုတိယအကြိမ်မှာ ၄ ဘဏ် စုစုပေါင်း ၁၃ ဘဏ် ဖွင့်လှစ်ခွင့်ပြုထားပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကို ငွေချေးခွင့်အပါအဝင် ပြည်တွင်းလက်လီ ဘဏ်လုပ်ငန်းကဏ္ဍတွေကိုပါ ဗဟိုဘဏ်က လုပ်ကိုင်ခွင့် ပေးထားပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုကဏ္ဍကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေတဲ့အတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အရည်အသွေးတိုးတက်စေဖို့နဲ့ နိုင်ငံတကာဘဏ်လုပ်ငန်း ကျွမ်းကျင်ဖို့၊ နည်းပညာတွေရရှိစေဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပြုခဲ့တာပါ။ နိုင်ငံခြားဘဏ်တွေ ထပ်မံဝင်ရောက်လာမယ်ဆိုရင် ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
#voiceofmyanamr # နိုင်ငံခြားဘဏ်တွေကိုတတိယအကြိမ်ခွင့်ပြုပေးဖို့ စီစဉ်နေ #ရန်ကုန် #
ဓါတ်ပုံ – facebook