နိုင်ငံခြားဘဏ်တွေကို တတိယအကြိမ်ခွင့်ပြုပေးဖို့ စီစဉ်နေ

ရန်​ကုန်၊ ဇွန်​ ၇ – ၂၀၁၉

သူရိန် (VOM)

 

ပြည်တွင်းမှာ ဒီဘဏ္ဍာနှစ်အတွက် တတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်လုပ်ကိုင်ခွင့်တွေကို  ထပ်မံခွင့်ပြုပေးဖို့ စီစဉ်နေတယ်​လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က​နေ သိရပါတယ်​။

 

“နိုင်ငံခြားဘဏ်တွေကို ထပ်မံခွင့်ပြုဖို့ စီစဉ်နေတယ်။ ဒီဘဏ်တွေကို စိစစ်ပြီး ခွင့်ပြုနိုင်ဖို့အတွက် အကြံပေးကုမ္ပဏီတစ်ခု ထားသွားမယ်။ အဲဒါကလည်း ပြည်ပကကုမ္ပဏီတွေပဲ ဖြစ်တယ်။ ဒီမှာလည်း ရုံးခွဲဖွင့်ထားတယ်။ သူတို့ထဲက ရွေးသွားမယ်။ ” လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

နိုင်ငံခြားဘဏ်တွေကို ထပ်မံဖွင့်လှစ်ခွင့် ပြုဖို့အတွက် အကြံပေးဝန်ဆောင်မှုကုမ္ပဏီတစ်ခု ရွေးချယ်သွားမှာဖြစ်ပြီး အကြံပေးလုပ်ငန်းအတွက် ရွေးချယ်ဖို့ အဆိုပြုချက်တွေကို ပြီးခဲ့တဲ့လကတည်းက  လက်ရှိရွေးချယ်ထားတဲ့ ကုမ္ပဏီရှစ်ခုထံ  ဗဟိုဘဏ်က ပေးပို့ထားပြီး ဖြစ်ပါတယ်။

 

အဲဒီ ကုမ္ပဏီရှစ်ခုက Deloitte၊ PricewaterhouseCoppers ၊ KPMG ၊ Berger ၊ Allen & Gledhill ၊ Rajah & Tann NK ၊ Baker & Mckenzie တို့ ဖြစ်ပါတယ်​။ ဒါပေမယ့်လည်း အခု တတိယအကြိမ် ခွင့်ပြုပေးမယ့် နိုင်ငံခြားဘဏ်အရေအတွက်နဲ့အချိန်ကို ပြောကြားနိုင်ခြင်း မရှိသေးပါဘူး။

 

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်လုပ်ငန်း ခွင့်ပြုပေးခဲ့တာက ပထမအကြိမ်မှာ ၉ ဘဏ်၊ ဒုတိယအကြိမ်မှာ ၄ ဘဏ် စုစုပေါင်း ၁၃ ဘဏ် ဖွင့်လှစ်ခွင့်ပြုထားပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကို ငွေချေးခွင့်အပါအဝင် ပြည်တွင်းလက်လီ ဘဏ်လုပ်ငန်းကဏ္ဍတွေကိုပါ ဗဟိုဘဏ်က လုပ်ကိုင်ခွင့် ပေးထားပါတယ်။

 

စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုကဏ္ဍကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေတဲ့အတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အရည်အသွေးတိုးတက်စေဖို့နဲ့ နိုင်ငံတကာဘဏ်လုပ်ငန်း ကျွမ်းကျင်ဖို့၊  နည်းပညာ​တွေရရှိစေဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပြုခဲ့တာပါ။ နိုင်ငံခြားဘဏ်တွေ ထပ်မံဝင်ရောက်လာမယ်ဆိုရင် ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

 

#voiceofmyanamr # နိုင်ငံခြားဘဏ်တွေကိုတတိယအကြိမ်ခွင့်ပြုပေးဖို့ စီစဉ်နေ  #ရန်ကုန် #

ဓါတ်ပုံ – facebook

Related posts

Leave a Comment

VOM News

FREE
VIEW