တောင်ကျရေနဲ့ ဒီရေကြောင့် ငပုတောမြို့နယ်အတွင်းက နေအိမ်အချို့ရေနစ်မြုပ်

ငပုတော၊ သြဂုတ် ၆ -၂၀၁၉

ကိုအောင်(VOM)

 

ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်းမှာ မနေ့ သြဂုတ် ၅ ရက် ညနေပိုင်းက တောင်ကျရေနဲ့ ပင်လယ်ဒီရေကြောင့် ကျေးရွာတစ်ချို့က အိမ်ခြေ ၁၆၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ငပုတောမြို့နယ်  တင်းချောင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၆ ရွာမှာ တောင်ကျချောင်းရေနဲ့ ပင်လယ်ဒီရေ ၀င်ရောက်မှုကြောင့် အိမ်ခြေ ၁၆၅ အိမ် ရေနစ်ခဲ့တာပါ။

 

ငရုတ်ကောင်းတောင်ရွာမှာ အိမ်ခြေ ၁၅ လုံး၊ ၀ါးကလောရွာမှာ ၆ လုံး၊ သစ်ထုတ်လုပ်ရေးရွာမှာ ၁၁ လုံး၊ သရက်စမ်းရွာမှာ ၁၀ လုံး၊ ထီးလုံးဖြူရွာမှာ ၅ လုံး၊ ၀က်ကော်ရွာမှာ ၁၁၈ လုံး ရေနစ်မြုပ်ခဲ့တယ်လို့  တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောပါတယ်။

 

” ၀က်ကော်ကျေးရွာမှာတော့ စပါး ၂၁၇ တင်း ရေစိုပြီး ပျက်ဆီးကုန်တယ်။ မိုးကဆက်တိုက် ရွာနေတယ်၊ သက်ဆိုင်ရာကို သတင်းပို့ပြီး စောင့်ကြည့်ကင်းတွေ ချထားတယ်။ လူ၊ တိရစ္ဆာန် သေတာ၊ ပျောက်တာ မရှိပါဘူး။”လို့ ဦးကျော်မြင့်ထွန်းက ပြောပါတယ်။

 

ဝက်ကော်ကျေးရွာရှိ အိမ်ထောင်စု ၁၁၉ စုက အသက်အရွယ်ကြီးသူနဲ့ ကလေးသူငယ်တွေကို ရွာရဲ့အလယ်တန်းကျောင်းနဲ့  ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေရာချထားပြီး တိရစ္ဆာန်တွေကိုလည်း ဘေးလွတ်ရာ ကုန်းတွေမှာ ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။

 

 

ဓါတ်ပုံ – ထွန်းလေး

 

#voiceofmyanmar #ဧရာဝတီ #ငပုတော #နေအိမ်အချို့ရေနစ်မြုပ်

Related posts

✕
VOM News

FREE
VIEW