မန္တလေးမှာ သေနတ်၊ ကျည်နဲ့ ဓါးတွေဖမ်းမိမှု လွိုင်ကော်အမှုရဲ့ကွင်းဆက်ဖြစ်

မန္တလေး၊ သြဂုတ် ၂၉ – ၂၀၁၉

ဖြူဖြူ (VOM)

 

မန္တလေးမြို့မဟာအောင်မြေမြို့နယ်အတွင်းက ဖိနပ်ဆိုင်တစ်ဆိုင်မှာ သေနတ်၊ ကျည်နဲ့ ဓါးတွေ မနေ့ သြဂုတ် ၂၈ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။

 

မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီးရှိ တက္ကသိုလ်ရပ်ကွက် ၄၁ လမ်း၊ ၇၁×၇၂လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့ ဖိနပ်အရောင်းဆိုင်ကို သတင်းအရစစ်ဆေးခဲ့ရာမှာ လေသေနတ်အရှည် စနိုက်ပါတပ်လျှက် ၁ လက်၊ ဆွစ်ဇလန်နိုင်ငံထုတ် လေသေနတ် ပစ်စတို ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ လေသေနတ်ခဲကျည် ၇ ဘူး၊ ပွိုင့် -၂၂ ကျည် တစ်ဘူးငါးဆယ်ပါ ၂ ဘူး၊ ဓါးအတို၊အရှည် ၈ ချောင်း၊ စနိုက်ပါမှန်ပြောင်း တစ်ခု၊ အသံတိတ်ပြောင်းတို ၁ ခု၊ ကျော်ပိုးအိတ် ၁ လုံး၊ ခရီးဆောင်အိတ် ၁ လုံး ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

 

ဒါတွေဟာ ကယားပြည်နယ် လွိုင်ကော်မြို့အဝေးပြေးဂိတ်ကနေ မန္တလေးမြို့ကို ပို့မယ့် ဆာလာအိတ်ထဲက စိတ်ကြွဆေးနဲ့ ကျည်ဆံ ၁၅၀၀ သြဂုတ် ၂၇ ရက်က ဖမ်းဆီးရမိတဲ့အမှုရဲ့ ကွင်းဆက်ဖြစ်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။

 

“တစ်ဦးကို အရေးယူထားပါတယ်။ ဒါတွေကတော့ အသုံးပြုချင်တဲ့ စိတ်အခြေအနေအပေါ်မှာပဲ မူတည်ပါတယ်။ ဥပမာ ငှက်ပစ်ဖို့အတွက်ဆိုရင်လည်း ငှက်ပေါ့။”လို့ မန္တလေးခရိုင်ရဲမှူးစိုင်းလှထူးက ပြောပါတယ်။

 

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်နက်တွေဖမ်းမိခဲ့တဲ့ ဖိနပ်ဆိုင်က ကိုအာကာမောင်(၃၁ နှစ်)ကို မန္တလေးရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လွိုင်ကော်အမှုနဲ့ ပတ်သက်လို့ကတော့ မကေသီမြ (၃၃ နှစ်) ကို လွိုင်ကော်မြို့မရဲစခန်းကနေ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မန္တလေး #လွိုင်ကော် #လက်နက် #မူးယစ်

 

ဓါတ်ပုံ – mandalay police

Related posts

✕
VOM News

FREE
VIEW