MPU ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်နှင့် တွေ့ဆုံခြင်း

ကျော်ဆုမွန်

မြန်မာနိုင်ငံတွင် အေတီအမ်ကတ်များထုတ်လုပ်နေသည့် ပုဂ္ဂလိကဘဏ်များဖွဲ့စည်းထားသည့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Myanmar Payment Union တွင် ယခုအခါ အဖွဲ့ဝင်ဘဏ်စုစုပေါင်း ၂၄ ခုထိရှိလာပြီဖြစ်သည်။ မြန်မာပြည်သူတို့၏ နေ့စဉ်လူနေမှုဘ၀တွင် အသုံးပြုမှုများပြားလာသည့်  credit card, debit card များနှင့်ပတ်သက်ပြီး လက်ရှိ MPU ကဆောင်ရွက်နေသည့် ၀န်ဆောင်မှုများအကြောင်းကို အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇော်လင်းထွဋ်က ယခုလိုပြောကြားခဲ့သည်။

မေး- ခုဆိုရင် ခရက်ဒစ်ကတ်တွေထုတ်လာတာ၂နှစ်နီးပါးရှိပြီဆိုတော့ သုံးစွဲသူတွေထဲမှာလည်း တော်တော်များများသိနေကြပါပြီ။ ဒီလိုလူသိများလာပေမယ့် လူတိုင်းတော့ ခရက်ဒစ်ကတ်က မကိုင်နိုင်သေးဘူး။တခြား အေတီအမ်ကတ်တွေနဲ့ယှုဉ်ရင် ပမာဏနည်းသေးတာဘာကြောင့်လဲ။ သုံးစွဲသူတွေဘက်ကကော ဘာကြောင့် တုန့်ဆိုင်းမှုတွေဖြစ်နေတာရှိပါသလဲ။

ဖြေ- ခရက်ဒစ်ကတ်တွေကို လျှောက်တဲ့သူတွေကတော့များတယ်။ များတယ်ဆိုတာက အဓိကက အကြွေးဆိုရင် အကုန်လုံးကလိုနေကြတာ။ ဒါပေမယ့် ခရက်ဒစ်ကတ်ထုတ်ပေးတဲ့ ဘဏ်တွေက လူတိုင်းကိုမပေးရဲဘူး။ မြန်မာနိင်ငံမှာက ခရက်ဒစ် ဗျူရိုကလည်း မရှိသေးဘူးလေ။ တစ်ယောက်တည်းနဲ့ ကတ်တွေအများကြီးရှိနေရင် နောက်ပိုင်း default တွေလည်းရှိလာနိင်တယ်လေ။ လျှောက်သူများတော့ customer တွေကို သေချာစိစစ်ပြီးပေးနေရတာကြောင့် နည်းနေရတာ။ ခရက်ဒစ်ဗျူရိုပေါ်လာပြီးရင်တော့ အလားအလာကကောင်းတယ်။ လူတွေလည်းပုံမှန်ဝင်ငွေတွေရှိကြမယ်ဆိုတဲ့အခါကျရင် ၀င်ငွေပေါ်မူတည် ပြီးတော့ အကြွေးဝယ်ကတ်တွေ ထုတ်ပေးမယ်ဆိုတဲ့အခါကျရင် ပိုများလာပါမယ်။ ခုသိသလောက်ဆိုရင် ၂နှစ်အတွင်းထုတ်ပေးတဲ့ခရက်ဒစ်ကတ်အရေအတွက်က ၃ သိန်းကနေ ၅ သိန်းကြားလောက်ပဲရှိဦးမယ်။ အေတီအမ်သုံးသူတွေက သန်းဂဏန်းလေ။ ဒီတော့ ဈေးကွက်ကြီးကတော့ အကျယ်ကြီးပဲ။ ဒါပေမယ့် လောလောဆယ်ကတော့ နှေးနေတယ်လို့ပြောလို့ရပါတယ်။

မေး- ခရက်ဒစ်ဗျူရိုရဲ့ နောက်ဆုံးအခြေအနေကကော ဘယ်လိုရှိနေပါသလဲ။ ဒီနှစ်ထဲ စနိုင်မယ်ပြောခဲ့ပေမယ့် ခုထိမစနိုင်သေးဘူးဆိုတော့ ဘာအခက်အခဲတွေများရှိနေတယ်ကြားပါသလဲ။

ဖြေ- ကြားတာကတော့ ခရက်ဒစ်ဗျူရိုအတွက် လိုင်စင်မကျသေးလို့ စောင့်နေတယ်လို့ကြားနေတာကနေ ခုတော့ လိုင်စင်ကျပြီလို့ကြားတယ်။ လိုင်စင်ကျပြီး ဆက်လက်လုပ်တယ်ဆိုရင်တော့ အချိန်တစ်ခုတော့ယူရမယ်။ နည်းပညာဆိုင်ရာ ဆောင်ရွက်မှုတွေရှိမယ်။ သက်ဆိုင်ရာ ဘဏ်တွေ၊ အဖွဲ့အစည်းတွေ ပါလာမယ်။ နောက်ပိုင်းကျရင် ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထားတဲ့ ခရက်ဒစ်ကုမ္ပဏီတွေပါလာမယ်။ နောက်ဆိုအစိုးရကခွင့်ပြုထားတဲ့ အသေးစားချေးငွေလုပ်ငန်းတွေလည်း ပါလာမှာပေါ့နော်။ ဒေတာတွေကို share လုပ်ရတော့မယ်ဆိုရင်လည်း စံသတ်မှတ်ချက်တွေ၊ ဒါတွေလုပ်ဖို့ အချိန်တစ်ခုတော့ ယူရဦးမှာပေါ့။ လုပ်နေတယ်လို့တော့သိရတယ်။ ဒါပေမယ့် ဘယ်အခြေအနေရောက်ပြီလဲဆိုတာတော့ သေချာမသိရဘူးပေါ့နော်။

မေး- ခရက်ဒစ်ကတ်တွေမထွက်ခင်က ထုတ်ဝေခဲ့တဲ့ Debit card တွေရဲ့ အနေအထားကကော လတ်တလော ဘယ်လိုအခြေအနေရှိလဲ။ သုံးစွဲသူတွေပိုများလာလား။

ဖြေ- စိတ်ဝင်စားမှုကတော့မြင့်တက်လာတယ်။ ဘာလို့လည်းဆိုတော့ ခရက်ဒစ်ကတ်ကိုလျှောက်တိုင်းမရနိုင်တာရှိသလို၊ ကိုယ့်အကောင့်နဲ့ ကိုယ့်ငွေနဲ့ သုံးရတဲ့အပေါ်မှာလည်း တချို့အတော်များများက အဆင်ပြေကြတယ်။ အကောင့်ဖွင့်တာနဲ့ ခုဆိုရင် အမ်ပီယူအဖွဲ့ဝင်ဘဏ်တွေက ကတ်ထုတ်ပေးကြတယ်။ ဆက်သွယ်ရေးစနစ်တွေကောင်းလာတာနဲ့အမျှ ဒီကတ်ကိုလက်ခံအသုံးပြုလို့ရတဲ့ ဆိုင်တွေ ပိုပြီးတော့များလာတယ်။ e commerce ကလည်းတော်တော်လေးတွင်ကျယ်လာတယ်။ ရုပ်ရှင်လက်မှတ်ဘိုကင်လုပ်တာပဲဖြစ်ဖြစ်၊ ကားလက်မှတ်လေယာဉ်လက်မှတ်ဘိုကင်လုပ်တာပဲဖြစ်ဖြစ်၊ ဒီဟာတွေကို သုံးလာနိုင်တယ်။ ဒါလေးတွေတွေ့နေရပြီ။ British embassy မှာတောင် သင်တန်းကြေးတွေကို အမ်ပီယူကတ်တွေနဲ့ ပေးလို့ရပြီလို့ ကြေညာလာပြီ။ သုံးရမယ့်နေရာတွေပိုများလာတာနဲ့အမျှ ကတ်ကိုပိုသုံးချင်သူတွေ ပိုများလာတယ်။ ကတ်ကို မိတ်ဆက်ခဲ့တာလည်း ၅ နှစ်ရှိပြီဆိုတော့ လူတွေဟာ ကတ်တွေရဲ့ တွင်ကျယ်အသုံးဝင်မှုတွေကို သိလာတယ်။ infrastructure ကလည်း တဖြေးဖြေးပိုကောင်းလာတဲ့အခါကျတော့ သုံးစွဲသူတွေပိုများလာတာကို တွေ့ရပါတယ်။

မေး- အများစုသိချင်တာက မတူတဲ့ ဘဏ်အချင်းချင်း မတူတဲ့ အကောင့်အချင်းချင်း ဘယ်တော့ ငွေလွဲလို့ရမလဲဆိုတာပါပဲ။ ဘယ်တော့လောက် ရနိုင်မလဲ။

ဖြေ- မတူတဲ့ ဘဏ်အချင်းချင်း ငွေလွဲလို့ရဖို့က အမ်ပီယူကတော့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် ကျွန်တော်တို့က အဖွဲ့ဝင်ဘဏ်တွေကို စောင့်နေတာ။ အခုသူတို့က နည်းပညာပိုင်းကို ပိုလုပ်နေကြတယ်။ core banking လုပ်နေရတာဖြစ်တဲ့အတွက် ဒါတွေကို နည်းနည်းလေး ပြင်ဆင်နေရတဲ့ အပိုင်းတွေရှိတယ်လေ။ ပြင်ဆင်နေရတော့ ဒါလေးတွေကို စောင့်ပေးနေရတယ်။ အချိန်ယူနေရတာပါ။ ဒီဝန်ဆောင်မှုကိုစဖို့လုပ်တဲ့ ကာလကတည်းက ဘဏ်၂ခုနဲ့ စတင်လုပ်ဆောင်ခဲ့တယ်။ ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်နဲ့ပါ။ ကျွန်တော်တို့မှန်းထားတာက အနည်းဆုံး ၃ ဘဏ်လောက်က ဒီနှစ်ကုန်လောက်မှာ မတူတဲ့ဘဏ်အချင်းချင်းလွဲနိုင်မယ်လို့ မှန်းထားပါတယ်။ အဓိကကတော့ ရိုးမရယ်၊ မြ၀တီ၊ရွှေဘဏ်၊ CHDB ဘဏ်ရှိတယ်။ ဒီထဲက ဘယ်ဘဏ်တွေ စနိုင်မလဲတော့မသိဘူး။ ဖြစ်နိုင်ဆုံးကတော့ ရိုးမနဲ့ ရွှေဘဏ်ကတော့ ဖြစ်ဖို့ အလားအလာတွေရှိနေတယ်။

မေး- နာမည်ကြီးဘဏ်တွေအနေနဲ့ကကော ဘာလို့မစနိုင်သေးတာလဲ။ သုံးစွဲသူတွေများလို့လား။

ဖြေ- များလို့တော့မဟုတ်ဘူး။ ဧရာကလည်းလုပ်နေတယ်။ နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ သူတို့ရဲ့နောက်က core banking ကို သွားထိတာတွေရှိနေတယ်။ ဧရာဆိုရင် ကျွန်တော်တို့ရဲ့ new switch မှာ ပထမဆုံးဝင်တဲ့ ဘဏ်ပဲလေ။ စီဘီဘဏ်လည်းခုဆို စမ်းသပ်မှုတွေလုပ်နေကြပြီ။ ဆိုတော့ ၀င်တော့ဝင်လာကြမှာပေါ့နော်။ အချိန်တော့ ယူနေကြတာလို့ပဲပြောချင်ပါတယ်။

မေး- ခုဆိုရင်အေတီအမ်ကတ်သုံးလို့ရတဲ့ Points of Sales တွေကကော ပမာဏဘယ်လောက် ရှိနေပါပြီလဲ။ အမ်ပီယူကတ်သုံးစွဲသူဦးရေကကော ဘယ်လောက်ရှိပါပြီလဲ။

ဖြေ- ခုဆိုရင် ပမာဏက နှစ်သောင်းဝန်းကျင်လောက်ရှိပါပြီ။ အမ်ပီယူကတ်သုံးသူတွေကတော့ စုစုပေါင်း ၂ခုလုံးပေါင်းရင် တစ်နိုင်ငံလုံးမှာ ၅.၅ သန်းလောက်ရှိနေပါပြီ။

မေး- ဒါဆို စုစုပေါင်းလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး သုံးနေတယ်လို့ ပြောလို့ရပါသလား

ဖြေ- အချို့ကတော့ တစ်ယောက်တည်းက ၂ ကတ် ၃ ကတ်ကိုင်ထားတော့ပြောနိုင်တာကတော့ အနီးစပ်ဆုံး ၈ ကနေ ၁၀ ရာခိုင်နှုန်းတော့ ရှိမယ်ထင်ပါတယ်။

မေး- အမ်ပီယူသုံးစွဲသူ ဘယ်အချိန်ကျရင် ဘယ်လောက်ရှိရမယ်ဆိုတဲ့ ရည်မှန်းချက်ကော ရှိပါသလား။

ဖြေ- ရှိပါတယ်။ အဖွဲ့ဝင်ဘဏ်တွေနဲ့ သေချာအင်တိုက်အားတိုက်ဆောင်ရွက်နေတယ်ပေါ့နော်။ ငွေသားအစား ကတ်တွေသုံးလာဖို့က ရည်မှန်းချက်တစ်ခုပဲပေါ့။ ကက်စနစ်တွေပိုသုံးလာမယ်ဆိုရင် ပြည်သူတွေဟာ သက်သက်သာသာနဲ့ အသုံးပြုလာနိုင်မယ်။ ကျွန်တော်တို့က နောက် ဘတ်ဂျက်နှစ်အကုန်ဆို ၇ သန်းကနေ ၈သန်းလောက်အထိမှန်းထားတယ်။ ၂၀၂၀ ခုနှစ်ကျော်ရင်တော့ ၁၀ သန်းလောက်ရောက်အောင် ဆောင်ရွက်နေပါတယ်။

မေး- အေတီအမ်စက်တွေကနေ ခုက ငွေပဲထုတ်နေပြီး ငွေပြန်သွင်းလို့ရတဲ့ deposit စနစ်ကကော ဘယ်တော့လောက် ရနိုင်မလဲ။

ဖြေ- Deposit machine တွေကိုဘဏ်တွေက စမ်းနေတာကိုတွေ့ရတယ်။ စီဘီဘဏ်ဆို စစမ်းနေတာတွေ့တယ်။ တချို့ဘဏ်ခွဲလေးတွေမှာ စက်ကလေးတွေနဲ့ စနေပြီ။ UAB၊ MUB တို့မှာလည်း စမ်းနေတာတွေ့ရတယ်။ ဒါပေမယ့် ဘဏ်တွေက cross bank deposit တော့မရဘူးပေါ့။ သက်ဆိုင်ရာ ဘဏ်အကောင့်မှာပဲ သွင်းလို့ရမယ်။ သက်ဆိုင်ရာဘဏ်တွေရဲ့ နည်းပညာဆိုင်ရာပေါ်မှာပဲ ဆိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ဒါတွေကိုလုပ်ဖို့ ဘဏ်တွေကိုအားပေးပါတယ်။ သုံးစွဲသူတွေလွယ်ကူစေတယ်။ ဘဏ်ဖွင့်ချိန်စောင့်စရာမလိုဘူး။ အချိန်ကုန်သက်သာတယ်။ စမ်းသပ်ပြီးဆောင်ရွက်နေပေမယ့် ကျွန်တော်တို့ ငွေကြေးရဲ့ အနေအထားတွေကရှိသေးတယ်။ နည်းပညာတွေရှိသေးတော့အခက်အခဲတွေရှိပေမယ့် ကြိုးစားဆောင်ရွက်နေပါတယ်။

မေး- အမ်ပီယူနဲ့ လက်ရှိမှာ ဘယ်နိင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက လက်မှတ်ထိုးဆောင်ရွက်နေတာတွေရှိပါသလဲ။ ထပ်ဆောင်ရွက်ဖို့ကော ဘာတွေရှိဦးမလဲ။

ဖြေ- လတ်တလောကတော့ နိုင်ငံတကာအနေနဲ့ ဂျပန်က JCB နဲ့ တရုတ်က Unionpay ကတော့ လက်ရှိမှာ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ Bilateral တွေဆက်လုပ်ဖို့လည်းကြိုးစားနေတယ်။ ဥပမာ ထိုင်းတို့ စင်ကာပူတို့က အဖွဲ့တွေနဲ့ပါ။ တချိန်တည်းမှာပဲ Asia Paypal Network ကို ၀င်နိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်။ ဗဟိုဘဏ်ရဲ့ လမ်းညွှန်မှုနဲ့ လုပ်ဆောင်နေပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW