စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှရွာအနီး ဧရာဝတီမြစ်ထဲ နစ်မြုပ်နေတဲ့ ကားတစ်စီးကို ဆယ်ယူစစ်ဆေး

စစ်ကိုင်း နိုဝင်ဘာ ၇ ၊ ၂၀၁၈
စောပြည့်ချမ်းသာ

စစ်ကိုင်း -မင်းကွန်းသွားရာလမ်း ရှင်ဖြူရှင်လှကျေးရွာ၊ဆွမ်းဦးပုညရှင် စေတီတော် မြစ်ရေတင် ရေစက်အနီး ယနေ့ နေ့လယ်ပိုင်းအချိန်က နစ်မြုပ်နေတဲ့ ကားတစ်စီး တွေ့ရှိရပြီး ဆယ်ယူစစ်ဆေးနေကြောင်း အမှတ် ၂ နယ်မြေရဲစခန်းက သိရပါတယ်။

”ရေစက်ရွေ့ဖို့ လုပ်ရင်းကနေ ဦးဇင်းတစ်ပါးက တွေ့ လို့ လာပြောတာနဲ့ ကျွန်တော်လည်း သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပေးလိုက်တယ်။”ဟု ဆွမ်းဦးပုညရှင် မြစ်ရေတင် ရေစက်က ဦးမင်းနိုင်က ပြောပါတယ်။

ဧရာဝတီမြစ်အတွင်း နစ်မြုပ်လျက် တွေ့ရှိရတဲ့ ကားကို ကုန်းပေါ်သို့ ပြန်လည် ဆွဲတင်ရန် လူမှုကူညီရေးအသင်းအဖွဲ့တွေက စေတနာဝန်ထမ်းတွေ၊ပြည်သူတွေက ကြိုးနဲ့ ချည်းနှောင်ပြီး ဆွဲတင်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါဘူး။

ဒါကြောင့် ကျွမ်းကျင်တဲ့ ရေလုပ်သားတွေအားခေါ်ယူပြီး ကားကို ကြိုးနဲ့ ချည်နှောင်ပြီး နစ်မြုပ်နေတဲ့ နေရာကနေ တကောင်းရပ် သစ်ဆိပ်ကွင်းကို သင်္ဘောနဲ့ ဧရာဝတီမြစ်ကြောတစ်လျောက် ဆွဲယူဆောင်ပြီး ကုန်းပေါ်သို့ ကရိန်းနဲ့ တင်ဆောင်ခဲ့ပါတယ်။

”တွေ့နေတာ လေးရက်လောက်ရှိပြီး ကား မှန်းမသိခဲ့ဘူး။ ဒီနားမှာက မြစ်ရေတင်စက် ရှိနေတော့ ဒီရေစက်က ပေပါ အဟောင်းတွေ မြုပ်နေတာပဲ မှတ်နေတာ ဒီနေ့မှ ကားဖြစ်နေမှန်းသိတာ “ဟု ရေလုပ်သား ဦးဆန်းထွန်းက ပြောပါတယ်။

ဧရာဝတီမြစ်အတွင်း နစ်မြုပ်နေတဲ့ ကားဟာ ဘယ်အချိန်ကတည်းက မြစ်အတွင်း ကျရောက်နေသလဲဆိုတာကို လက်ရှိအချိန် ထိ ဘယ်သူမှ မသိရှိသေးပါဘူး။

နစ်မြုပ်နေတဲ့ ကားဟာ စူပါကာစတန် အမျိုးအစားဖြစ်ပြီး ကားမှာ “အာယုပါလ ကျန်းမာရေးစောင့်ရှောက်ရေးအသင်း ” ဝက်တိုး (မ)ကျေးရွာ ဟု ရေးသားထားတာကို တွေ့ရှိရပါတယ်။ ခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်လက် စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ အမှတ် ၂ နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

”ဒီနှစ်အတွင်းမှာ အဲဘက်ထဲမှာကား ရေထဲ ထိုးကျတဲ့ ဖြစ်စဉ်မျိုး မရှိခဲ့ပါဘူး။ကားမှာ ပါလာတာက ဝက်တိုး (မ)ကျေးရွာဆိုတော့ ကန့်ဘလူဘက်ကဖြစ်မယ်။ကန့်ဘလူဘက် ကမ်းပါးတွေ ပြိုပြီး ပါလာတာလား မသိဘူး။ကျွန်တော်တို့ ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ”လို့လည်း ရဲတပ်ဖွဲ့ကပြောပါတယ်။

မြစ်အတွင်း နစ်မြုပ်နေပြီး ဆယ်ယူရရှိတဲ့ “အာယုပါလ “ကျန်းမာရေးစောင့်ရှောက်မှု အသင်း အမည်ပါ ကားမှာ ပါရှိသည့် ၀၉ ၂၅၆၁၉၄၉၇၇၊၀၉ ၇၈၇၆၀၇၀၆၀ ဖုန်းနံပါတ်တွေ ကို ဆက်သွယ်မေးမြန်းသော်လည်း စက်ပိတ်ထားကြောင်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ဧရာဝတီမြစ်ထဲကားဆယ်ရ

Related posts

Leave a Comment

VOM News

FREE
VIEW