ကျောက္ကာရေနံချက်ဖိုတွင် ဂဟေဆက်နေသူတဦး ပေါက်ကွဲမှုကြောင့် သေဆုံး။

မုံရွာ။ နိုဝင်ဘာ ၈၊ ၂၀၁၈

ဗျဂ္ဃ (Voice Of Myanmar)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ ရေနံချက်ဖိုတခုတွင် ရေနံစည်အဟောင်း အောက်ပိုင်းကို ဂဟေဆက်နေသူတဦး ရေနံအကြွင်းအကျန်နဲ့ ဂဟေမီးတွေ့ပြီး မီးလောင်ကာ ပေါက်ကွဲလွင့်ထွက်လို့ သေဆုံးမှု နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။

“ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ကလာပြီး အလုပ်လုပ်နေတဲ့ သေဆုံးသူ ကိုဇေယျာမင်း (၃၁ နှစ်)၊ အလုံမြို့နယ်ကလာတဲ့ ကိုနေလင်းအောင် (၂၅ နှစ်)၊ လှိုင်သာယာမြို့နယ်က လာတဲ့ ကိုနိုင်ဝင်း (၃၄ နှစ်)တို့က ဦးမြင့်သူရဲ့ ချက်ဖိုအဟောင်း အလျား ၁၇ ပေ၊ အနံ ၈ ပေ ၃လက်မရဲ့ အောက်ခြေကို ဂတ်စ်မီးနဲ့ ဖြတ်နေတုန်း ၃ ပေလောက်ဖြတ်ပြီးချိန်မှာ ဖိုအဟောင်းရဲ့ အောက်ခြေကျန် ဆီငွေ့နဲ့ ဖြတ်နေတဲ့ ဂတ်စ်မီးတို့တွေ့ပြီး မီးလောင်ပေါက်ကွဲသွားတာပါ”လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်ပေါက်ကွဲမှုကြောင့် ဂတ်စ်မီးနဲ့ ဂဟေဖြတ်နေသူ ကိုဇေယျာမင်းမှာ လူနှင့် အဝတ်အစားတွေ မီးလောင်ခဲ့ပြီး ခန္ဓာကိုယ်ကလည်း ပေ ၃၀ ကျော်အထိ လွင့်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ကိုဇေယျာမင်းဟာ မီးလောင်ဒဏ်ရာအပြင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ နဖူးဒဏ်ရာ၊ တံတောင်နှင့် ခြေသလုံးစုတ်ပြဲ ဒဏ်ရာတွေလည်း ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်စဉ်မှာ သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ် သိရှိနိုင်ဖို့ ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ကျန် အလုပ်အတူလုပ်နေသူတွေမှာတော့ ကြီးမားတဲ့ ထိခိုက်ဒဏ်ရာ ရတာမရှိဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် မနက် ၁၀ နာရီခွဲအချိန်ကလည်း ရေနံချက်ဖိုတခုက ချက်ဖိုကန်အပိတ်ကနေ ရေနံစိမ်းတွေလျှံကျကာ ချက်နေတဲ့ မီးနဲ့တွေ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။ ကြီးမားတဲ့ဆုံးရှုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW