မြောက်ကိုရီးယားက လျှို့ဝှက်နျူကလီးယားစခန်းတွေ ဆက်လုပ်နေဟု အမေရိကန်လေ့လာရေးအဖွဲ့ပြော

 

ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၁၈
မျိုးဆက် (VOM)

မြောက်ကိုရီးယားနိုင်ငံမှာလျှို့ဝှက်တည်ဆောက်ထားတဲ့ ဒုံးပျံအခြေစိုက်စခန်း ခန့်မှန်းခြေ ၂၀ ထဲ့ ၁၃ ခုကို ထုတ်ဖော်အတည်ပြုနိုင်ခဲ့တယ်လို့ အမေရိကန် လေ့လာရေး အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့အတူ နျူကလီးယားစွန့်လွှတ်ရေး ညှိနှိုင်းမှုများရှိနေပေမယ့် အချို့သောနျူကလီးယားစမ်းသပ်စခန်းများတွေမှာ ပြုပြင်ထိန်းသိမ်းတာတွေ အသေးစားအဆောက်အဦတွေ ဆက်လက်လုပ်ဆောင်နေသည်ကို လေ့လာတွေ့ရှိခဲ့တယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လေ့လာသူတွေက သူတို့ရဲ့လေ့လာ တွေ့ရှိချက်များအတွက် ထောက်လှမ်းရေးနဲ့ အစိုးရတာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းတာတွေအပြင် ဂြိုလ်တုပုံရိပ်တွေနဲ့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အချက်အလက်တွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။

လျှို့ဝှက် နျူကလီယားစခန်းတွေဟာ မြောက်ကိုရီးယား နိုင်ငံရဲ့ နေရာအနှံအပြားမှာ ရှိနေပြီး ကျဉ်းမြောင်းတဲ့ တောင်ကြားတွေမှာ မြေအောက်လှိုဏ်ခေါင်းတွေတူးပြီး တည်ဆောက်ထားတယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။

အမေရိကန်အနေနဲ့အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့မပေးဘူးဆိုရင် နျူကလီယား စမ်းသပ်မှုတွေ ပြန်လုပ်မယ်လို့ မကြာသေးမီက မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပြီး အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဆက်ဆံရေးတင်းမာလာတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ဇွန်လအတွင်းက ပြုလုပ်တဲ့ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲမှာတော့ နျူကလီးယားစွန့်လွှတ်ရေး ရှေးရှုလုပ်ဆောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့က ကတိပြုခဲ့ပေမယ့် ဒီသဘောတူညီချက်တွေမှာ တိကျတဲ့ အချက်အလက်နည်းပါးပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ကလည်း အနည်းငယ်သာ ခရီးရောက်ခဲ့ပါတယ်။

#voiceofmyanmar #မြောက်ကိုရီးယား

Ref: Reuter/CNA
Photo :AFP

Related posts

✕
VOM News

FREE
VIEW