စစ်ကိုင်းတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်းတွေကို တက်ဘလက်များပေးအပ်

မုံရွာ နိုဝင်ဘာ ၂၀- ၂၀၁၈

ဗျဂ္ဃ (Voice of Myanmar)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ကျန်းမာရေးအသိပညာတွေ တိုးပွားစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန်လာစေရေးတို့ကို ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်း ၃၀၀၀ ကျော်အတွက် နိုဝင်ဘာလ ၂၀ ရက်နေ့က တက်ဘလက်တွေ ပေးအပ်ခဲ့ပါတယ်။ တက်ဘလက်တွေကို အခြေခံကျန်းမာရေးဝန်ထမ်းနှင့် တိုက်နယ်/မြို့နယ်ဆရာဝန်တွေအတွက်ဆိုပြီး  ၂ မျိုး ၂ စားပေးအပ်ခဲ့တာပါ။

“ဒါကိုဘာကြောင့်ပေးရလဲဆိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေးအသိစာတတ်မြောက်မှု တိုးတက်အောင်လုပ်ဖို့။ ဒုတိယအချက်က ဒီလိုတိုးတက်အောင် လုပ်ဖို့ဆိုရင် ဝန်ထမ်းတွေကလည်း အရည်အသွေးပြည့်ဝနေရမယ်။ ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာလည်း တတ်မြောက်နေရမှာ ဖြစ်တဲ့အတွက် ဒီမိုဘိုင်းတက်ဘလက်တွေမှာ ထည့်ထားတာတွေက အခြေခံကျန်းမာရေးလုပ်သားတွေအတွက် တစ်မျိုး၊ ဆရာဝန်အတွက် တစ်မျိုး ထည့်ထားပါတယ်။ ဒါကိုအသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်မှု ဘာသာရပ်မှာ အထူးကောင်းမွန်တတ်မြောက်ပြီး ပြည်သူတွေကို ကျန်းမာရေးအသိပညာပေးတဲ့အခါ ထိရောက်မှာဖြစ်ပါတယ်။”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်ဆရာဝန် ၃၇ ဦး၊ တိုက်နယ်ဆရာဝန် ၁၀၁ ဦး၊ လက်ထောက်ကျန်းမာရေးမှူး၁၈၄ ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ ၁၈၀ ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ ၄၈ ဦး၊ သားဖွားဆရာမ ၁၆၉၂ ဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ၁၂၈၂ ဦး စုစုပေါင်း ၃၅၂၄ ဦးတို့ကို ပေးအပ်ခဲ့တာပါ။ တိုက်နယ်မြို့နယ်ဆရာဝန်တွေအတွက် တက်ဘလက်အတွင်း စာအုပ်ပေါင်း ၅၃၀ ကျော်နှင့် အခြေခံကျန်းမာရေးဝန်ထမ်းတွေအတွက် စာအုပ်ပေါင်း ၁၂၀ ကျော်တို့ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းသာမက မကွေးတိုင်း၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာလည်း တက်ဘလက်တွေပေးအပ်ထားပြီး စုစုပေါင်း အလုံးရေ ၇၇၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ ဒီနေ့ကျင်းပတဲ့ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူတွေ၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော်ဒုဥက္ကဌ၊ ကျန်းမာရေးသံတမန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ တက်ရောက်ခဲ့ကြပါတယ်။

#voiceofmyanmar #ကျမ္မာရေးဝန်ထမ်းတွေတက်ဘလက်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW