မလေးရှားသွားမယ့် မြန်မာ ၂၁၀ ထိုင်းမှာ ဖမ်းခံရ

ရနောင်း၊ နိုဝင်ဘာ-၂၀-၂၀၁၈

မျိုးဆက် (VOM)

ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ ရနောင်းမှာ မလေးရှားနိုင်ငံကို တရားမ၀င်သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၂၁၀ ကို သီးခြားဖမ်းဆီးစစ်ဆေးမှုတွေသုံးခုလုပ်ရာမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာအများစုဟာ မလေးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ထားတယ်လို့ ၀န်ခံခဲ့ကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဗီယာရွတ်ကာယူနာယာဒ်ဟွန်းက ပြောပါတယ်။

ဖမ်းမိသူအများစုက မလေးရှားမှာ အလုပ်ရှာဖို့အတွက် ထိုင်းနိုင်ငံကို ကြားခံအဖြစ်အသုံးပြုပြီး သွားရောက်ကြမှာဖြစ်ကာ အခြားသူတွေကတော့ ထိုင်းနိုင်ငံ ဖူးခက်နဲ့ ဆမုဆာခွန်တို့မှာ အလုပ်ရှာဖို့ စီစဉ်ထားတယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ ၎င်းက ပြောပါတယ်။

အဆိုပါ မြန်မာလုပ်သားတွေကို နိုဝင်ဘာ ၁၀ ရက်၊ ၁၃ ရက်နဲ့ ၁၆ ရက်တွေမှာ ရနောင်းမြို့ရဲ့ မတူတဲ့နေရာသုံးခုကနေဖမ်းဆီးခဲ့တာဖြစ်ပြီး အချို့ကတော့ ဆီအုန်းစိုက်ခင်းမှာ အလုပ်လုပ်ဖို့ အမည်မသိလူတစ်ယောက် လာခေါ်မှာကိုစောင့်ရင်း အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရခိုင်ပြည်နယ်က မွတ်ဆလင်မဟုတ်တဲ့ မြန်မာနိုင်ငံသားအများစုကိုတွေ့ရသော်လည်း ဘင်္ဂါလီတွေတော့ ပါဝင်ခြင်းမရှိဘူးလို့ ဗီယာရွတ်က ပြောပါတယ်။

၎င်းတို့ဟာ သူတို့ကို မလေးရှားကိုပို့ပေးမယ်လို့ ကတိပေးထားတဲ့ လူကုန်ကူးသူတွေအတွက် လူတစ်ဦးကို ခြောက်သိန်း ကနေ ရှစ်သိန်းအထိ ပေးဖို့ သဘောတူခဲ့ကြတယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးအကြီးအကဲက ဆက်လက်ပြောဆိုပြီး လက်ရှိမှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံအတွင်း တရားမ၀င်ခိုလှုံဖို့ လုပ်ဆောင်ခဲ့တဲ့အတွက် အသက် ၂၅ နှစ်နဲ့ ၄၃ နှစ်အရွယ် ရနောင်းမြို့သားနှစ်ဦးကို ဖမ်းဆီးထားပါတယ်။

Ref: Bernama

Photo : Bernama

Related posts

Leave a Comment

VOM News

FREE
VIEW