မော်စကို၊ နိုဝင်ဘာ-၂၀၊ ၂၀၁၈
မျိုးဆက် (VOM)
၁၉၈၇ ခုနှစ် တာလတ်ပစ် နျူလီးယားဒုံးပျံထိန်းချုပ်ရေး စာချုပ် (အိုင်အင်န်အက်ဖ်) ကနေ အမေရိကန်နှုတ် ထွက်ပါက ရုရှားအနေနဲ့ အမေရိကန်ကို လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၁၉ ရက်တွင် သတိပေးပြောဆိုလိုက်ပါတယ်။
သမ္မတ ပူတင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတွေဟာ ရုရှားရဲ့ဖြစ်နိုင်ချေရှိတဲ့ လက်တုံ့ပြန်မှုတွေအတွက် ဆွေးနွေးခဲ့ကြသလို အိုင်အင်န်အက်ဖ် စာချုပ်နှင့်ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးသွားဖို့ကိုလည်း အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်က ရုရှားက တိုက်ခိုက်သိမ်းပိုက်လိုက်တာနဲ့ ယူကရိန်းအရှေ့ပိုင်းပြသနာအပေါ် ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား နောက်ထပ်တင်းမားမှုများဖြစ်ပေါ်နေပြီး ဥရောပမှာ နျူကလီးယား ဒုံးပျံများဖယ်ရှားရေးအတွက် စစ်အေးခေတ်က အိုင်အင်န်အက်ဖ် စာချုပ်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်နေပါတယ်။
၃၁ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ အဆိုပါစာချုပ်ကို ရုရှားနိုင်ငံက လိုက်နာမှုမရှိဘူးလို့ အမေရိကန်အစိုးရက စွပ်စွဲထားပြီး ရလဒ်အနေနဲ့ စာချုပ်ကနေ နှုတ်ထွက်မှာဖြစ်ကြောင်း သတိပေးထားပါတယ်။ ဒါပေမယ့် စာချုပ်ကို ချိုးဖောက်ခြင်းမရှိဘူးလို့ ရုရှားဘက်ကတော့ ငြင်းဆိုပါတယ်။
အောက်တိုဘာ ၃၁ ရက်က နေတိုးအဖွဲ့နဲ့ ရုရှားသံတမန်တို့ရဲ့ အငြင်းပွားမှုဖြေရှင်းရေး ကြုံတောင့်ကြုံခဲ ဆွေးနွေးပွဲမှာ ရုရှားအနေနဲ့ အဆိုပါစာချုပ် အပြည့်အ၀လိုက်နာဖို့အတွက် အလျင်အမြန်ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့ နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုတင်ဘာ့က တိုက်တွန်းပြောဆိုခဲ့ပြီး အိုင်အင်န်အက်ဖ်စာချုပ် ဖျက်သိမ်းခြင်းကြောင့် မတည်ငြိမ်တဲ့ လက်နက်ပြိုင်ဆိုင်မှုအသစ်တွေ ဖြစ်လာမှာကို ဥရောပ ခေါင်းဆောင်တွေကလည်း စိုးရိမ်နေကြပါတယ်။