ရခိုင်ပြည်နယ်ကို နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ထက်နည်းပါး

စစ်တွေ၊ ဒီဇင်ဘာ ၁-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်ဟာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ စိတ်ဝင်စားမှုများပြားတဲ့ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ်ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အများအပြား လာရောက်လည်ပတ်လျှက်ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေနဲ့ ငပလီကမ်းခြေကို ခရီးသွားဧည့်သည်တွေ လာရောက်လည်ပါတ်မှုအများဆုံးဖြစ်ပြီး အခုနှစ်မှာတော့ မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်း နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးနေတာဖြစ်ပါတယ်။

“နိုင်ငံခြားခရီးသွားတွေ ၀င်ရောက်မှုကျဆင်းတာက ရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာ မှာကျဆင်းနေတာပါ။ ရခိုင်ပြည်နယ်ကတော့ ပိုပြီးကျဆင်းသွားတာပေါ့နော်။ အရင်နှစ်ကနဲ့စာရင် အခုနှစ်မှာပိုပြီး လာရောက်သူနည်းပါတယ်။”လို့ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမိုးအောင်ကပြောပါတယ်။

မြောက်ဦးယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်သူနည်းပါးနေတာဟာ ပြီးခဲ့နှစ်တွေကဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်ပြဿနာတွေကြောင့် ခရီးသွားတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြတဲ့အတွက် နည်းပါးခဲ့ရတာဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနက သုံးသပ်ပါတယ်။

ဒါ့အပြင် ငပလီကမ်းခြေကိုလာရောက်လည်ပတ်သူတွေကတော့ လက်ရှိမှာ နည်းပါးနေပေမယ့် အထူးစိုးရိမ်စရာမရှိသလို အပမ်းဖြေစန်းတစ်ခုဖြစ်တာကြောင့် သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်မှုပမာဏမှာ ပြန်လည်မြင့်မားလာမှာ ဖြစ်တယ်လို့ မျှော်လင့်နေကြပါတယ်။

“ခရီးသည်ဝင်ရောက်မှုက ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပခရီးသည်ဝင်ရောက်မှုစုစုပေါင်းကတော့  ၁၁၈၈၂၈ ဦးဝင်ရောက်ခဲ့ပါတယ်။ အခုနှစ် စက်တင်ဘာလကုန်အထိတော့  ၉၉၇၉၇ ဦးပဲဝင်ရောက်လာခဲ့ပါတယ်။  ပြည်တွင်းခရီးသွားပမာဏက ပုံမှန်အတိုင်းလို့ပြောလို့ရပေမယ့် ပြည်ပခရီးသည်ဝင်ရောက်မှုကတော့ တော်တော်လေးကို များပါတယ်။”လို့ ဦးမိုးအောင်ကပြောပါတယ်။

ထို့ကြောင့် ခရီးသွားလုပ်ငန်းကျဆင်းနေတဲ့အတွက် နိုင်ငံခြားခရီးသွားဧည့်သည်တွေကို အဓိကမှီခိုနေကြရတဲ့ ဟိုတယ်လုပ်ငန်းတွေဟာလည်း ထိခိုက်မှုတွေရှိနေတာဖြစ်ပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းကျဆင်းခဲ့ရတာဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ-ရခိုင် အဓိကရုဏ်ဖြစ်ပွားမှုကနေ နှစ်စဉ်ကျဆင်းလာနေတာဖြစ်ပြီး အခုနှစ်မှာအများဆုံးကျဆင်းသွားခဲ့ပြီး ရခိုင်ပြည်နယ်ကို ၁၉၉၄ ခုနှစ်က ခရီးသွားဒေသတစ်ခုအဖြစ် သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။

#voiceofmyanmar#ရခိုင်ပြည်နယ်# နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW