ကျောက်နီမော်မှာ ဘင်္ဂါလီ ၃၃၀၆ ဦးကို မှတ်ပုံတင်ထုတ်ပေးထားတဲ့ကိစ္စ ANP ကြေညာချက်ထုတ်

စစ်တွေ၊ ဒီဇင်ဘာ ၄-၂၀၁၈

ခိုင်လင်းစံ (VOM)

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီ ၃၃၀၀ ကျော်ကို ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင် ထုတ်ပေးထားတာနဲ့ပတ်သက်ပြီး ထိရောက်တဲ့ဖြေရှင်းမှုတွေမပြုလုပ်တဲ့အတွက် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ အခုလိုမျိုးဘင်္ဂါလီတွေကို နိုင်ငံသားအဆင့်ထက်ကျော်လွန်ပြီး တိုင်းရင်းသားမျိုးနွယ်စုတွေအဖြစ် မှတ်ပုံတင်တွေထုတ်ပေးထားတာဟာ ဥပဒေနဲ့ညီညွတ်မှုမရှိဘဲ ပြုလုပ်ထားတာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

“ဒါဟာ နိုင်ငံတော်အတွက် အန္တရာယ်ရှိတယ်။ ထိခိုက်မှုတွေရှိလာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားပေးတာထက်ကျော်လွန်ပြီး တိုင်းရင်းသားထဲကို ထည့်သွင်းလိုက်တာဟာ အချုပ်အချာအာဏာကိုထိခိုက်လာမယ့် လုပ်ရပ်တွေဖြစ်တယ်၊သူတို့ရဲ့သားသမီးတွေဟာ အလိုအလျောက် တိုင်းရင်းသားအခွင့်အရေးတွေကို ရရှိလာကြမှာဖြစ်တယ်၊ အချုပ်အခြာအာဏာကို စွပ်ဖက်မှုတွေပြုလုပ်လာနိုင်တာကြောင့် အခုလိုထုတ်ပြန်တာဖြစ်ပါတယ် ”လို့ ANP အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

အဲဒီကိစ္စဟာ ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြန်လည်စိစစ်ပေးဖို့နဲ့ ထုတ်ပေးထားတဲ့မှတ်ပုံတင်တွေကို ပြန်ရုပ်သိမ်းပေးဖို့ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်လူမှုအဖွဲ့အစည်းများ၊ သံဃာအဖွဲ့အစည်းများက လက်မှတ်တွေကောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ နဲ့ ကာကွယ်ရေးဦးစီးချုပ် တို့ဆီကို တင်ပြထားခဲ့ပေမယ့် ဖြေရှင်းပေးခြင်းမရှိဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း ရမ်းဗြဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်းမှုအောင်မြင်ခဲ့ပေမယ့် အလေးထားဆောင်ရွက်မှုမရှိတဲ့အတွက် ရခိုင်အမျိုးသားပါတီအနေနဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

“ ဘယ်သူက ကမန် ဖြစ်တယ်။ ဘယ်သူက ဘင်္ဂါလီ ဆိုတာကို ကမန် အစစ်တွေလောက် ဒီနိုင်ငံမှာဘယ်သူမှမသိဘူး။ သူတို့ပြောတာအခိုင်မာဆုံး သက်သေခံချက်တွေဖြစ်တယ်။ ဒါကိုစိစစ်ပေးဖို့အတွက် လက်မှတ်တွေကောက်ခံပြီးတော့ နိုင်ငံတော်အကြီးအကဲတွေဆီ တင်ပြထားတယ်။ ဒါပေမယ့် ကျေနပ်လောက်တဲ့ ဖြေရှင်းချက်မရှိတာကြောင့် အခုလိုကြေညာချက်ထုတ်ရတာဖြစ်တယ် ”လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ကမန်တိုင်းရင်းသားမျိုးနွယ်စုဝင်အမည်ခံပြီး မှတ်ပုံတင်လျှောက်ထားတဲ့ ဘင်္ဂါလီတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး မှတ်ပုံတင်ထုတ်ပေးထားတာ အမျိုးသား ၁၄၅၆ ဦး၊ အမျိုးသမီး ၁၈၅၀ ဦးစုစုပေါင်း ၃၃၀၆ ရှိနေတာဖြစ်ပါတယ်။

#voiceofmyanmar#ကျောက်နီမော်#ဘင်္ဂါလီတွေကို မှတ်ပုံတင်ထုတ်ပေးထားတဲ့ကိစ္စ#

 

Related posts

Leave a Comment

VOM News

FREE
VIEW