မန္တလေး၊ ဒီဇင်ဘာ ၇-၂၀၁၈
ဟိန်းကို(VOM)
ရတနာပုံတက္ကသိုလ်ကျောင်းမှာ ဆိုင်ကယ်တွေပျောက်ဆုံးနေတာနဲ့ပက်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ လာရောက်ဖြေရှင်းပေးဖို့ အလိုရှိတယ်ဆိုတဲ့ပုံစံနဲ့ သတိပေးပိုစတာကပ် ကမ်ပိန်း ယနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
” ကျွန်တော်တို့ကျောင်းမှာ ၂၀၁၆-၂၀၁၇ပညာသင်နှစ်က ဆိုင်ကယ်အစီး ၅၀ကျော်၊ ၂၀၁၇-၂၀၁၈ပညာသင်နှစ်မှာ ဆိုင်ကယ်အစီး ၂၀ကျော်ပျောက်တယ် အခုနှစ် ကျောင်းအပ်တဲ့သူရဲ့ ဆိုင်ကယ်၂စီး ထပ်ပျောက်တယ် အဲ့တာတွေကြောင့်ခုလို လုပ်ရတာပါ “လို့ ဆန္ဒပြကျောင်းသား ကိုကျော်သီဟရဲကျော် က ပြောပါတယ်။
ခုလိုပိုစတာကမ်ပိန်းလုပ်တာတွေ ဆန္ဒပြတာတွေကြောင့် ကျောင်းဝင်ပေါက်တွေကို ကျောင်းတာဝန်ရှိသူတွေက ပိတ်ပင်ထားမှုတွေ ဖြစ်နေပါတယ်။
ကျောင်းတံခါးတွေပိတ်ထားတာနဲ့ ပက်သက်ပြီး ဆန္ဒပြကျောင်းသား ကိုကျော်သီဟရဲကျော် က ” ကျွန်တော်တို့လှုပ်ရှားမှုကို တလွဲပုံမှားပြီးတော့ ပုံဖျက်တယ်လို့ ယူဆပါတယ် ” လို့ ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ အမြန်ဆုံးလာရောက်ဖြေရှင်းစေချင်ပြီး လျစ်လျူရှုပါက ဒီထက်ပြင်းထန်တဲ့ လှုပ်ရှားမှုမျိုးတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar#မန်းတိုင်းဝန်ကြီးချုပ်#ဆန္ဒပြကျောင်းသားများသတိပေးပိုစတာကမ်ပိန်း#
ဓါတ်ပုံ-ရဲမျိုးဆွေ