ရတနာပုံဆိုက်ဘာစီးတီး ဒုတိယနှစ်ကျောင်းသား သေဆုံးမှု ဝမ်းနည်းကြောင်း Black Campaign ပြုလုပ်

မန္တလေး၊ ဒီဇင်ဘာ ၇-၂၀၁၈

လင်းလင်း(VOM)

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ဒုတိယနှစ်ကျောင်းသားတစ်ဦးကို ဒီဇင်ဘာလ ၆ ရက် ညနေ ၃ နာရီခွဲခန့်က ရတနာပုံဆိုက်ဘာစီးတီးမြို့သစ်မီးသတ်စခန်းအနီးမှာ ဆိုင်ကယ်လုယက် ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့တာနှင့် ပတ်သက်ပြီး ကျောင်းသူကျောင်းသား၃၀၀ ခန့်က ဒီကနေ့ မနက် ၁၁ နာရီခန့်မှာ Black Campaign ပြုလုပ်ခဲ့ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ နှင်းဆီပန်းချ၊ဝမ်းနည်းကြောင်း ဖယောင်းတိုင်ထွန်းညှိဆုတောင်းတာတွေ ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးပေးဖို့နှင့် ဖမ်းဆီးရမိခဲ့ရင်လည်း ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကျောင်းသားတွေထံက သိရပါတယ်။

“လွန်ခဲ့တဲ့ သုံးလလေးလလောက်ထဲက ဒီလိုမျိုး ဖြစ်ရပ်တွေ ဖြစ်နေတဲ့အတွက် အသက်အန္တရာယ်ကို မထိပါးခင်ထဲက ဆိုင်ကယ်တွေလုယက်ခံနေရတယ်၊အခိုးခံနေရတယ် ဆိုပြီးတော့ အကြိမ်ကြိမ် ကျွန်တော်တို့တွေ ရဲကိုလည်း အကြောင်းကြားတယ်၊ဝန်ကြီးဌာနတွေထိအောင်လည်းပြောတယ်၊ဒါပေမဲ့ အဲ့တုန်းထဲက အရေးယူမှုတွေ လျော့ရဲခဲ့တဲ့အတွက် အခုလိုမျိုး အသက်ဆုံးပါးတဲ့အထိ ဖြစ်သွားခဲ့တယ်”ဟု နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)ကျောင်းသားများသမဂ္ဂမှ ဥက္ကဌ ကိုခွန်နိုင်ပြည့်ထွန်းက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ အချိန်ကြာနေရင် ကျောင်းသားကျောင်းသူတွေ အနေနဲ့ ဆန္ဒထုတ်ဖော်တောင်းဆိုမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ဒီ တရားခံတွေကို လွယ်လွယ်နဲ့တော့ ဥပဒေလျော့ရဲစွာနဲ့တော့ အပြစ်ဒဏ်လျှော့ပေါ့တာမျိုးတွေ မလိုချင်ပါဘူး၊ဒီထက်ပိုပြီးတော့ ပြင်းထန်တဲ့ အပြစ်ဒဏ်ပေးတာမျိုး နောက်ဆက်တွဲကတော့ ကျောင်းပတ်ဝန်းကျင် ဧရိယာမှာ လုံခြုံရေးထားရှိဖို့ ကျွန်တော်တို့ကျောင်းမှ မဟုတ်ဖူး၊ကျန်တဲ့ကျောင်းတွေလည်း လုံခြုံရေးထားရှိဖို့ အတွက်ကို ပြည်ထဲရေးကို ကျွန်တော်တို့တပ်လှန့်တဲ့ သဘောလိုပဲ ထင်ပါတယ်” လို့ ကိုခွန်နိုင်ပြည့်ထွန်းက ဆက်လက် ပြောပါတယ်။

 

အခုလို ရိုက်နှက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)က အသက်(၁၇)နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား ကိုထက်လင်းသန့်ဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ရပြီး ဒုတိယနှစ် ကျောင်းသူတစ်ဦးလည်း ဆေးရုံပေါ်မှာ စောင့်ကြည့်ကုသနေရတဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar#BlackCampaign#ဒုတိယနှစ်ကျောင်းသားသေဆုံးမှု#

Related posts

Leave a Comment

VOM News

FREE
VIEW