အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ မုံရွာမြို့မှာ ပြုလုပ်

မုံရွာ၊ ဒီဇင်ဘာ ၉၊ ၂၀၁၈

ဗျဂ္ဃ(VOM)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုလမ်းလျှောက်ချီတက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

 

လူထုလမ်းလျှောက်ချီတက်ပွဲက ၁၆ ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ်ကျင်းပတာဖြစ်ပြီး စစ်ကိုင်းတိုင်း အမျိုးသမီးကော်မတီ ဥက္ကဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ဦးဆောင်ကာ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ ဌာနဆိုင်ရာတွေ၊ ပြည်သူတွေ စုစုပေါင်း ၈၀၀ ဝန်းကျင်က မြို့တော်ခန်းမရှေ့ကနေ ဗိုလ်ချုပ်လမ်း၊ မိတ်ဆက်လမ်း၊ ပြည်ထောင်စုလမ်း၊ ဘူတာလမ်းတို့အတိုင်းချီတက်ခဲ့ကြပြီး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

 

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၊ လူမှုရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဇော်ဝင်းက လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိနေဆဲဖြစ်တယ်၊ ဒါတွေကို ပပျောက်ရေးအတွက် အခုလို လူထုလမ်းလျှောက်ချီတက်ပွဲ လုပ်ပြီး ပညာပေး လှုပ်ရှားမှုတွေ လုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင်က အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ရှိနေတာတွေ ပပျောက်ဖို့ လူတိုင်းမှာ တာဝန်ရှိကြောင်း၊ ပညာပေးဖို့ လိုအပ်နေကြောင်းတွေကို ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်မှုပပျောက်ရေး အမျိုးသမီးများအသံနားထောင်ပေး၊ အမျိုးသမီးများအပေါ်စာနာပါစတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။ ဖဲကြိုးဖြူလှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာ ကာလအဖြစ် မြန်မာနိုင်ငံတဝှမ်းလုံးမှာလည်း ပုံစံအမျိုးမျိုးနဲ့ ကျင်းပနေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW