မုံရွာတိုင်းရင်းဆေးရုံမှာ တိုင်းရင်းဆေးဥပဒေမူကြမ်းပါ ပုဒ်မ ၁၅ (စ) ကို ကန့်ကွက်တဲ့ လှုပ်ရှားမှု ပြုလုပ်

ဒီဇင်ဘာ ၁၀-၂၀၁၈

ဗျဂ္ဃ (VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံကြီးမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက တိုင်းဦးစီးမှုးအပါအဝင် ဆေးရုံဝန်ထမ်းတွေစုပေါင်းကာ တိုင်းရင်းဆေးဥပဒေမူကြမ်းပါ ပုဒ်မ ၁၅(စ) ပယ်ဖျက်ပေးရေးအတွက် စတစ်ကာ ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေမူကြမ်း အခန်း ၄ ၊ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (စ) လုံးမှာ တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူ အရည်အချင်းသတ်မှတ်ခြင်းလို့ ပါရှိပြီး အခန်း ၁၁၊ ပုဒ်မ ၃၁၊ ပုဒ်မခွဲ (ဂ)မှာ အရည်အချင်းသတ်မှတ်ချက်အရ တိုင်းရင်းဆေးဆရာအဖြစ် မှတ်ပုံတင်ခွင့်(တဆ) ပြုထားတာပါ။ ဒါကို ပယ်ဖျက်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

“ပြည်သူလူထုမျက်နှာ၊ လူနာကို မျက်နှာထောက်သောအားဖြင့် ကန့်ကွက်ခြင်းပါ။ ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးမပါပါဘူး၊ ရမ်းကုနှင့် သင်တန်းတက်ထားတဲ့သူနဲ့ တပြေးညီ တဆ ပေးတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်၊ ၁၅ (စ) သည် သင်တန်းလည်းမတက်၊ တက္ကသိုလ်လည်းမတက်၊ သိပ္ပံလည်းမတက် မည်သည့် သင်တန်းမှ တက်စရာမလိုဘဲ စာတွေ့၊ လက်တွေ့ ဘာမှ လုပ်စရာမလိုဘဲနဲ့ တဆပေးတယ်ဆိုတာ တော်တော်တော့ ကြည့်လို့မကောင်းပါဘူး၊ တရားမဝင် ရမ်းကုတွေကို တရားဝင်ဖြစ်သွားတာပါ ”လို့ မုံရွာတိုင်းရင်းဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဦးသိန်းလှိုင်က ပြောပါတယ်။

၁၅ (စ) ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်အပြင် အခြားပြည်နယ်နှင့် တိုင်းတွေမှာလည်း ကန့်ကွက်နေကြပြီး  ဒီဥပဒေက တိုင်းရင်းဆေးပညာလောကအတွက် အစွန်းအထင်းတစ်ခုဖြစ်လာနိုင်ကာ ပြည်သူတွေရဲ့ အသက်တွေပါ စတေးခံရနိုင်တဲ့အတွက် သက်ဆိုင်သူတွေအနေနဲ့ အမြန်ဆုံးပြန်လည်စဉ်းစားကာ ပယ်ဖျက်ပေးဖို့ လိုအပ်နေပြီး ဒီဥပဒေပယ်ဖျက်ရေး ကို နည်းမျိုးစုံနဲ့ ကန့်ကွက်တာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar#မုံရွာ#တိုင်းရင်းဆေးဥပဒေမူကြမ်းပါပုဒ်မ၁၅(စ)ကိုကန့်ကွက်တဲ့လှုပ်ရှားမှု#

Related posts

Leave a Comment

VOM News

FREE
VIEW