ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်သူများပြားလာ

စစ်တွေ၊ ဒီဇင်ဘာ ၁၄-၂၀၁၈

ခိုင်လင်စံ(VOM)

ရခိုင်ပြည်နယ်အတွင်း ရိုးရာရက္ကန်းလုပ်ငန်းတွေ တိမ်ကောနေခဲ့ပြီး အခုနှစ်တွေမှာ ရိုးရာအထည်တွေကို အသုံးပြုမှုများပြားလာခဲ့တဲ့အတွက် ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းလုပ်ကိုင်သူတွေည်း များပြားလာနေတာဖြစ်ပါတယ်။

ရိုးရာအထည်တွေဟာ ဈေးကွက်အတွင်း တွင်ကျယ်လာသလို ရပ်နားထားခဲ့ရတဲ့ ရက္ကန်းလုပ်ငန်းတွေလည်း ပြန်လည်လည်ပတ်မှုရှိလာတာကြောင့် ဒေသတွင်းက အမျိုးသမီးငယ်တွေအတွက် ပုံမှန်ဝင်ငွေတွေရရှိကြပြီး တွက်ခြေကိုက်နေကြတာဖြစ်ပါတယ်။

“ကျွန်မက ၁၆ နှစ်အရွယ်ကနေ ဒီရက္ကန်းခတ်တာပါ၊အခုဆိုရင် တစ်ရက်ကို လုံချည် တစ်ထည်နှုန်းပြီးနိုင်ပါပြီ၊ တစ်လကို ၂ သိန်း၊ ၃ သိန်းအဲလိုရတာပေါ့၊ ဒီရွာမှာက ရက္ကန်းခတ်သူတွေအများကြီးပါ၊ တစ်အိမ်ကို ရက္ကန်းစင်နှစ်စင်သုံးစီ အဲလိုရှိကြတယ်”လို့ ကံ့ကော်ကျွန်းကျေးရွာက မစိုးစိုးစံက ပြောပါတယ်။

ရက္ကန်းခတ်သူတွေအနေနဲ့ လုပ်ငန်းရှင်တွေဆီက ပေးတဲ့ချည်တွေနဲ့ အိမ်တွင်းမှုလုပ်ငန်းတွေအဖြစ် ရက်လုပ်ကြတာ ဖြစ်ပြီးတော့ လုံချည်တစ်ထည်ကို ရက်လုပ်ခအဖြစ် ကျပ် ၅၀၀၀ ကနေ ၁၅၀၀၀ အထိရရှိကြတာဖြစ်ပါတယ်။

“အခုလိုမျိုး ကိုယ့်အိမ်မှာနေပြီးတော့ ရက္ကန်းခတ်နေလို့ ဝင်ငွေတွေရနေတယ်ဆိုတော့ ပိုကောင်းတာပေါ့နော်၊ အပြင်ထွက်ပြီး အလုပ်လုပ်စရာမလိုတော့ဘူး၊ ဘယ်မှလဲသွားဖို့မလိုဘူးလေ၊ ပုံမှန်ဝင်ငွေလည်းရှိနေတယ်၊ ရက္ကန်းတစ်စင်က ရက် ၂၀ လောက်ဆိုရင်ပြတ်ပြီ၊ တစ်စင်ပြတ်တော့ ငွေ ၃ သိန်းလောက်ရတယ်လေ၊ တွက်ခြေလည်းကိုက်တာပေါ့”လို့ ရက္ကန်းသည်တွေက ပြောပါတယ်။

ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ အရင်းအနှီးမရှိတာကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မလုပ်ကိုင်နိုင်ကြဘဲ လုပ်ငန်းရှင်တွေဆီမှာ ရက်လုပ်ခအဖြစ်ရယူပြီးတော့ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

“အခုကျွန်မတို့လုပ်နေတာက မြို့ထဲကဆိုင်တွေကနေ ချည်တွေထုတ်ပေးတယ်၊ သူတို့ချည်တွေနဲ့ ရက်တယ်၊ ပြီးရင်သူတို့ဆီမှာ ပြန်သွင်းတယ်၊ အထည်လိုက်ဈေးပေးတာပေါ့၊ တကယ်ဆိုတော့ ကိုယ့်ဟာကိုလုပ်နိုင်မယ်ဆိုရင် အမြတ်အစွန်းက ပိုကျန်မှာပါ၊ ခက်တာက ငွေလိုတာပေါ့၊ ရက္ကန်းတစ်ဆင်ဆိုရင် အနည်းဆုံး ၃ သိန်းလောက်ကုန်မှာ၊ နောက်ပြီးတော့ ဖောက်သည်တွေမရှိဘူး၊ ဆိုင်တွေကလည်း အမြဲတမ်းလက်ခံမှာမဟုတ်ဘူးလေ ”လို့ ရက္ကန်းသည် ဒေါ်အောင်တင်ကြည်က ပြောပါတယ်။

ဒါ့အပြင် တပိုင်တနိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်သူတွေလည်းရှိနေပြီး အဲဒီလုပ်ငန်းတွေအတွက် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပြီး အကူအညီရရှိပါက ပိုမိုချဲ့ထွင်ပြီး လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့ ဦးဘမောင်က ပြောပါတယ်။

#voiceofmyanmar#ရခိုင်ရိုးရာရက္ကန်း#ပြန်လည်လုပ်ကိုင်သူများပြားလာ#

Related posts

Leave a Comment

VOM News

FREE
VIEW