မီးလင်းရေး ကော်မတီအသစ်ဖွဲ့စည်းပေးဖို့ ကင်းကျေးရွာဒေသခံများ ဆန္ဒထုတ်ဖော်

မြောင် မြို့၊ဒီဇင်ဘာ ၁၅-၂၀၁၈

လင်းလင်း(VOM)

တရားဝင် ဖျက်သိမ်းပြီးတဲ့ မီးလင်းရေးကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အမိန့်နှင့် ပြန်လည်ခန့်အပ်ခြင်း မပြုဖို့နှင့် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီပြီးကျေးရွာနေ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနှင့် လျှပ်စစ်မီးလင်းရေးကော်မတီ အသစ် ရွေးချယ် တင်မြှောက်ပေးဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင် မြို့နယ်၊ကင်းကျေးရွာက ဒေသခံ နှစ်ရာကျော်က မြိုင် မြို့ပေါ်မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကင်းကျေးရွာ မီးလင်းရေးအတွက် ၂၀၁၆ နှစ်ဆန်းပိုင်းကနေ စတင်ပြီး ကော်မတီဖွဲ့စည်းကာ ကော်မတီဥက္ကဌ ဦးအောင်ကျော်ရဲ့ အတိုးမဲ့ စိုက်ထုတ်ချေးငွေ ကျပ်သိန်းနှစ်ရာ နဲ့ ကျေးရွာမီးလင်းရေးဆောင်ရွက်ခဲ့ကြပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာ လမ်းမီးတင်မက အိမ်ခြေတွေကိုပါ လျှပ်စစ်မီးဖြန့်ဝေနိုင်ခဲ့ချိန်မှာ ဒုတိယမြောက် မီးလင်းရေးကော်မတီတစ်ရပ်ကို အခြားကျေးရွာသားတွေက ထပ်မံဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

ထပ်မံဖွဲ့စည်းလိုက်တဲ့ မီးလင်းရေးကော်မတီထံ လုပ်ငန်းလွှဲပြောင်းဖို့ မြို့နယ်က ညွှန်ကြားလာပြီး ကင်းကျေးရွာ ဒေသခံအများစုက လက်မခံခဲ့ဘူးလို့ သိရပါတယ်။၂၀၁၈ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ခရိုင်စီမံခန့်ခွဲမှုကော်မတီရဲ့ ညွှန်ကြားချက်နှင့် မီးလင်းရေးကော်မတီ နှစ်ရပ်လုံးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးက ပယ်ဖျက်မိန့်ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့မှာ မီးလင်းရေးကော်မတီအသစ် ထပ်မံဖွဲ့စည်းရေးဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက် မီးလင်းရေးကော်မတီ ၂ရပ်လုံးအား ပယ်ဖျက်မိန့်ကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ လွှမ်းမိုးပယ်ဖျက်မိန့် ထပ်မံထုတ်ပြန်ခဲ့ပြီး မူလ ဖွဲ့စည်းထားတဲ့ ကော်မတီအဟောင်းကနေ ကော်မတီအသစ်ကို လုပ်ငန်း ပြန်လည် လွှဲပြောင်းပေးဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အကြောင်းကြားခဲ့တဲ့အတွက် ယခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူတွေက ပြောပါတယ်။

“အာဏာနဲ့ ဖိအားပေးတာကို ကျွန်တော်တို့ကခံနေရတာ၊မြို့နယ်ဆိုတာကလည်း တိုင်းဒေသကြီးအစိုးရရဲ့ ရည်ညွှန်းချက်နဲ့ သူကလည်း ဆောင်ရွက်ပေးနေရတာ ၊တကယ်တန်း အာဏာပေးနေတာကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊အဲဒီတော့ ဒီမီးလင်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ကလည်း အဓမ္မဝင်ပြီးတော့ ချိတ်မယ်လုပ်မယ်ဆိုရင် ပြည်သူတွေကလည်း ခုတ်ကြရိုက်ကြနဲ့  ရွာသားအချင်းချင်းသွေးကွဲပြီးတော့ အမှိုက်ကစ ပြဿဒ်မီးလောင် အဲ့လိုတွေ ဖြစ်မလာနိုင်အောင် နိုင်ငံခေါင်းဆောင်ကြီးတွေလည်း သိအောင်လို့ပါ “လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးကြည်မောင်က ပြောပါတယ်။

ဖျက်သိမ်းလိုက်တဲ့ မီးလင်းရေးကော်မတီနှစ်ရပ်လုံးကို အပြီးတိုင် ဖျက်သိမ်းပြီး မီးလင်းရေးကော်မတီအသစ်ကို ထပ်မံဖွဲ့စည်းပေးဖို့ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

” ဒီကနေ့ ဆန္ဒပြလို့ ပြောင်းလဲမှုတွေ ဖြစ်မလာဘူးဆိုရင် ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရုံးထိအောင် တက်ပြမယ်၊နေပြည်တော်ထိအောင် သွားမယ်”လို့ ဦးကြည်မောင်က ဖြည့်စွက်ပြောပါတယ်။

အခုလို ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ ဖုန်း ချိတ်ဆက်ရာမှာ ဖုန်းနှင့် ဖြေကြား မပေးနိုင်ကြောင်းနှင့် ၎င်းက ခရီးလွန်နေတယ်လို့ ဆိုပါတယ်။

ဆန္ဒထုတ်ဖော်မှုကို မြိုင်မြို့တောင်ဘက်အဝင်ကနေ လမ်းမကြီးတစ်လျှောက် ထီးလှိုင်ရှင် ပန်းခြံရှေ့အထိ မနက်၁၀နာရီကနေ ၁၁ နာရီခန့်အထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar#မြောင်မြို့#မီးလင်းကော်မတီအသစ်ဖွဲ့ဖို့ဆန္ဒပြ#

Related posts

Leave a Comment

VOM News

FREE
VIEW