လုံခြုံရေးအရစိုးရိမ်နေရတဲ့အတွက် တစ်ဘက်နိုင်ငံကဘင်္ဂါလီတွေ ပြန်မလာတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အသံအမတ်ပြော

စစ်တွေ၊ ဒီဇင်ဘာ ၁၈-၂၀၁၈

ခိုင်လင်းစံ (VOM)

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂါလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E.Mr Manjurul Karim Khan Chowdhuryအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံရေးကောင်စစ်ဝန်နဲ့ စီးပွားရေးကောင်စစ်ဝန်တို့အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ အဲဒီအဖွဲ့ဟာ စစ်တွေမြို့မှာရှိတဲ့ အထင်ကရဘုန်းတော်ကြီးတွေနဲ့တွေ့ဆုံပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုမှာ နှစ်နိုင်ငံနယ်စပ်ကိစ္စတွေဖြစ်တဲ့ တစ်ဖက်နိုင်ငံကိုရောက်ရှိနေတဲ့ ဘင်္ဂါလီတွေပြန်လည်ပို့ဆောင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

“ပြန်လည်ပို့ဆောင်ရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ဆောင်ရွက်ခဲ့ပါတယ်၊ ဒါ့ပေမယ့် သူတို့က ပြန်လာချင်ကြဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ပြန်လာလို့ရှိရင် ဘယ်နေရာမှာနေရမယ်ဆိုတာကို သူတို့ဟာသူတို့မသိ ရကြဘူး၊ ယုံကြည်မှုတွေလည်းမရှိဘူး၊ နောက်ပြီးတော့ လုံခြုံရေးစိုးရိမ်နေရတဲ့အတွက် မလာကြတာဖြစ်ပါတယ် ”လို့ ဘင်္ဂါလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E.Mr Manjurul Karim Khan Chowdhury က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

တစ်ဖက်နိုင်ငံကိုရောက်ရှိနေတဲ့ဘင်္ဂါလီတွေကို ပြန်လည်ပို့ဆောင်မယ့်ကိစ္စကို ကိုင်တွယ်ရာမှာအလွန်နူးညံ့ဖို့လိုအပ်ပြီး အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

“ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့ အတိအကျတော့မပြောနိုင်သေးဘူး၊ ဒီကိစ္စက နူးနူးညံ့ညံ့ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်၊ ဒီဘက်ကသွားတဲ့သူတွေရှိသလို ဟိုဘက်နိုင်ငံကလည်း ဝင်ရောက်လာသူတွေရှိနေပါတယ်၊ အစိုးရချင်းပူးပေါင်းဆောင်ရွက်နေပါတယ်၊ နှစ်နိုင်ငံအစိုးရနဲ့ UNHCR တို့ပူးပေါင်းပြီးတော့ ဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ် ”လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

အခုလိုဆောင်ရွက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဥပဒေတွေကိုမြန်မာဘက်က လိုက်နာဖို့လိုအပ်သလို မြန်မာနိုင်ငံရဲ့ ဥပဒေတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က လေးစားဖို့လိုအပ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောကြားခဲ့ပါတယ်။

#voiceofmyanmar#စစ်တွေ# လုံခြုံရေးအရစိုးရိမ်နေရတဲ့အတွက်#တစ်ဘက်နိုင်ငံကဘင်္ဂါလီတွေ ပြန်မလာတာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အသံအမတ်ပြော

Related posts

Leave a Comment

VOM News

FREE
VIEW