ဘာသာပေါင်းစုံအကြီးအကဲတွေက အသစ်တည်ဆောက်နေတဲ့ သုသာန်ကို သင်္ကြန်ပြီး မှ ပြောင်းပေးရန် တောင်းဆို

စစ်ကိုင်း၊ဒီဇင်ဘာ ၂၁-၂၀၁၈

စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့မှာ အသစ်တည်ဆောက်နေတဲ့ အေးငြိမ်းမြေသုသာန်ကို သင်္ကြန်ပြီး မှ ပြောင်းရွှေ့ပေးရန် ဘာသာပေါင်းစုံ က တောင်းဆိုထားတယ်လို့ စစ်ကိုင်းမြို့နယ်စည်ပင်သာယာကော်မတီကနေ သိရပါတယ်။

စစ်ကိုင်းမြို့မှာလက်ရှိ အသုံးပြုနေတဲ့   မြို့မသုသာန်ကို ယခုနှစ်ကုန်တွင် ပိတ်သိမ်းပြီး  ၂၀၁၉ ဇန်နဝါရီလအတွင်းကနေစတင်ပြီး  စစ်ကိုင်းနဲ့ရွှေဘိုခရိုင်ချင်းဆက်လမ်းဘေးရှိ စာရေးရွာအနီး အသစ်ပြုလုပ်ထားတဲ့ အေးငြိမ်းမြေသုသာန် သို့ ရွှေ့ပြောင်းသွားရန် စီစဉ်ထားသော်လည်း ဘာသာပေါင်းစုံ က သင်္ကြန်ပြီး မှ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားပါတယ်။

“ မနေ့က သုဿန်အသစ်ကို  အမြန်ဆုံး ပြောင်းရွှေ့ပေးနိုင်ရေး ဘာသာပေါင်းစုံက အကြီးအကဲတွေနဲ့ တွေ့ဆုံညှိနှိုင်းတယ်၊အဲမှာ သူတို့က သင်္ကြန်းပြီးမှ အားလုံးရွှေ့ပြောင်းချင်ပါတယ်ဆိုပြီး တင်ပြလာတယ်၊သင်္ကြန်အပြီး မေလ(၁)ရက်နေ့ ကို တောင်းဆိုထားတယ်၊ အဲဒါကလည်း ဘာသာခြားတွေရဲ့ ရိုးရာခေါ်တာလား မသိဘူး၊ သူတို့ဘာသာပဲ နားလည်မှာပါ၊ တနယ်တကျေး၊နိုင်ငံခြားရပ်ခြား ရောက်နေတဲ့  ဆွေးမျိုးသားချင်းတွေက ရွှေ့ပြောင်းဖို့ အပေါ်မှာ အချိန်လေးတောင်းဆိုတဲ့ သဘောပေါ့၊အစ္စလာမ် ဆိုရင်လည်း သူတို့ရဲ့သုဿန်မြေမှာ ရေကန်တည်ဆောက်တာတို့၊ ဇရပ်တည်ဆောက်တာတို့ အဆောက်အဦးတည်ဆောက်တာတို့  ဆောင်ရွက်ရဦးမှာဆိုတော့  အချိန်လေးထပ်တိုးတောင်းတာ သဘောပါ၊”ဟုစစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်ကပြောပါတယ်။

သင်္ကြန်ပြီး မှ ပြောင်းရွှေ့ပေးရန် ဘာသာပေါင်းစုံရဲ့ ဘာသာရေးခေါင်းဆောင်အကြီးအကဲ များ တင်ပြတောင်းဆိုထားမှုအပေါ် သက်ဆိုက်ရာဌာန၊အဖွဲ့အစည်းများသို့ အဆင့်ဆင့် တင်ပြ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး လက်ရှိမှာ ဘာသာအလိုက် သတ်မှတ်မြေနေရာ ကို အတည်ပြုသတ်မှတ်ဆောင်ရွက်ပြီးစီးပြီး ဝင်လမ်း၊ထွက်လမ်းများကို ဆောင်ရွက်လျက်ရှိပြီး ဘာသာအလိုက် အသုံးပြုမယ့် သုဿန်မြေနေရာများမှာ လိုအပ်တဲ့ ရေလိုင်း၊မီးလိုင်း များကိုလည်း  ဆောင်ရွက်ပေးနေတယ်လို့ စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီထံကနေသိရပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ မြို့မသုဿန်ဟာ စစ်ကိုင်းမြို့၊တင်းတိပ်ရပ်ကွက် အတွင်းမှာတည်ရှိပြီး မြေဧက ၁၂ ဧက အကျယ်အဝန်းရှိကာ  မြို့တွင်း ရောက်နေတဲ့အပြင်  အသုံးပြုခဲ့တဲ့ နှစ်သက်တမ်းကြာမြင့်လာတဲ့အတွက် သဂြိုလ်တဲ့နေရာခြင်းထပ်ပြီး အခက်အခဲတွေဖြစ်နေတဲ့အတွက်  သုဿန်အသစ်ကို ပြောင်းရွှေ့ပြုလုပ်ရခြင်း ဖြစ်ပြီး အသစ်ပြောင်းရွှေ့မယ့် သုဿန်အသစ်ဟာ မြေဧက အနေနဲ့ ၃၂ ဧက အကျယ်အဝန်း တယ်လို့သိရပါတယ်။

#voiceofmyanmar#စစ်ကိုင်း#သုသာန်ကိုသင်္ကြန်ပြီး မှပြောင်းပေးရန်တောင်းဆို#

Related posts

Leave a Comment

VOM News

FREE
VIEW