ဟားခါးမြို့နယ် အတွင်း ကားတစီးတိမ်းမှောက် ၅ ဦးသေ ၁၃ ဦး ဒဏ်ရာရ

ဟားခါး ဒီဇင်ဘာ ၂၃-၂၀၁၈

မိုင်ချယ်ရီ (VOM)

ချင်းပြည်နယ် ဟားခါးမြို့နယ် အတွင်းမှာရှိတဲ့ ဟားခါးမြို့နဲ့ ဂန့်ဂေါမြို့အကြားဆက်သွယ်သွားလာတဲ့ ကားလမ်းပေါ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်လွဲအချိန်ခန့် က ယာဉ်မောင်းအိပ်ငိုက်တာကြောင့် ခရစ္စမတ်ပွဲတော် အတွက်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပြီးပြန်လာတဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့တာပါ။

အဲဒီကားတိမ်းမှောက်မှုကြောင့် လူ ၅ ဦး သေဆုံးပြီး လူ ၁၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မျှော်လင့်ခြင်း သွေးလှူရှင်အသင်း(ဟားခါး) ဥက္ကဌ ဦးကျုံးဟူး က ပြောပါတယ်။ ကားတိမ်းမှောက်ခဲ့တဲ့နေရာဟာ ဟားခါးမြို့ကနေ မိုင်ပေါင်း ၄၁ မိုင် အကွာအဝေး ဂန့်ဂေါမြို့နဲ့ ဟားခါးမြို့ရဲ့ လမ်းတစ်ဝက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားတိမ်းမှောက်မှု ဖြစ်ပွားတဲ့ SKAT အမျိုးအစား ကားပေါ်မှာ ခရီးသည် ၂၁ ဦးလိုက်ပါလာတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကားသမားအပါအ၀င် လူ ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ သူတွေကိုတော့ ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှုတွေ ခံယူလျက်ရှိတယ်လို့ ကားမှောက်တဲ့နေရာကို သွားရောက် ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ပေးပြီး ဆေးရုံတက် ဆေးကုသမှုခံယူနေရသူတွေကို လိုအပ်တဲ့ အကူအညီပေးနေတဲ့ ဦးကျုံးဟူး က ပြောပါတယ်။

“ခရစ္စမတ်ပွဲအတွက် ပြင်ဆင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ပြီး ပြန်လာတဲ့ ကားပါ။သူ့နောက်က လိုက်လာတဲ့ ကားသမားပြောတဲ့ အတိုင်းဆိုရင်တော့ လမ်းဘေးကို ကပ်ပြီးနားမယ်ထင်တာ။အဲ့တာ မနားပဲနဲ့ လမ်းညာဖက် ချောက်ထဲကို ကျသွားတာတဲ့။ သူကတော့ အိပ်ငိုက်တယ်လို့ပဲ ထင်တယ်တဲ့” လို့ ပြောပါတယ်။

ကားတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူတွေထဲက လူ ၃ ဦးရဲ့ အလောင်းကို သူတို့နေထိုင်ရာကျေးရွာတွေမှာ ရှိတဲ့ ဆွေမျိုးတွေက ညတွင်းချင်း ပြန်သွယ်သွားကြပြီး ကျန်တဲ့ ရုပ်အလောင်း ၂ လောင်းကိုတော့ ဟားခါးမြို့မှာ သဂြိုဟ်မှာ ဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီကားတိမ်းမှောက်တဲ့နေရာဟာ လမ်းကျယ်ပြီး လမ်းကောင်းမွန်တဲ့နေရာဖြစ်တယ်လို့လည်း သွားရောက်ကူညီသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #ဟားခါး#ကားမှောက်

Related posts

Leave a Comment

VOM News

FREE
VIEW