လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်အကောင်အထည်ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးမှုပြုလုပ်

စစ်တွေ၊ ဒီဇင်ဘာ ၂၆-၂၀၁၈
ခိုင်လင်းစံ (VOM)

ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးက လူငယ်တွေပါဝင်ပြီး လူငယ်ရေးရာမူဝါဒတစ်ရပ် ချမှတ်အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေကို ပြုလုပ်လျှက်ရှိနေပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲက လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်ဆောင်ရေး မူကြမ်းကိုချမှတ်လိုက်တာဖြစ်ပါတယ်။

“နိုဝင်ဘာလ ၁၄-၁၅မှာ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကနေပြီးတော့ မူဝါဒတစ်ရပ်ကိုချမှတ်နိုင်ခဲ့ပါတယ်၊ အခုဒီမှာပြုလုပ်တဲ့ဆွေးနွေးပွဲက အဲဒီမူကြမ်းမှာပါတဲ့အချက်တွေကို ပြည်နယ်အဆင့်ကော်မတီတွေကို ချပြတာဖြစ်ပါတယ်၊ နောက်တစ်ခုက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အခက်အခဲတွေ၊ ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ထည့်သွင်းမယ့်အချက်တွေကို ဆွေးနွေးနေတာဖြစ်ပါတယ် ”လို့ ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုစောကလျာထွန်းက ပြောပါတယ်။

ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုအဆင့်ကချမှတ်လိုက်တဲ့ မူကြမ်းမှာပါဝင်တဲ့အချက်တွေကို ရခိုင်ပြည်နယ် အတွင်းက ဌာနဆိုင်ရာတွေအနေနဲ့လည်း အကူအညီပေးနိုင်ရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

“ဒီမူဝါဒနဲ့ပတ်သက်လို့ ကျွန်မတို့ ပြည်နယ်အဆင့်မှာဆွေးနွေးတာကတော့ အခုဆိုရင် တတိယအကြိမ်ပေါ့နော်၊ အခု ပြည်ထောင်စုအဆင့်မူကြမ်းကို ပြီးနေပြီဆိုတော့ မကြာခင်မှာ ထွက်လာတော့မယ့်လို့ သိရပါတယ်၊ လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှာ ထွက်မယ်လို့လည်း ကြားနေပါတယ် ”လို့ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပြောပါတယ်။

လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံကိန်းဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေပါဝင်ပြီး လူငယ်တွေရဲ့အခက်အခဲတွေကို လူငယ်တွေကိုယ်တိုင်ရေးဆွဲထားတာဖြစ်တဲ့အတွက် အကောင်အထည်ဖော်ဆောင်တဲ့အခါမှာ အောင်မြင်မှုတွေရရှိလာနိုင်ပြီး လူငယ်တွေအတွက် တကယ်ကောင်းမွန်တဲ့ မူဝါဒတစ်ရပ်ဖြစ်လာနိုင်တယ်လို့ ဒေါ်ယဉ်ယဉ်ပြုံးက ပြောကြားခဲ့ပါတယ်။

#voiceofmyanmar#စစ်​​တွေ#လူငယ်ရေးရာမူဝါဒ​ဆွေး​နွေး#

Related posts

Leave a Comment

VOM News

FREE
VIEW