မက္ကဆီကိုနယ်စပ်တံတိုင်းရန်ပုံငွေ ကွန်ဂရက်က ခွင့်မပြုရင် နယ်စပ်ပိတ်မယ်လို့ဒေါ်နယ်ထရန့်ခြိမ်းခြောက်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉-၂၀၁၈
မျိုးဆက် (VOM)

မက္ကဆီကို နယ်စပ်တံတိုင်းရန်ပုံငွေနဲ့ ပတ်သက်ပြီး အဆိုပြုထားတာကို အမေရိကန် ကွန်ဂရက်က ခွင့်မပြုပါက တရားမ၀င် လူဝင်မှုကြီးကြပ်ရေးပြသနာတွေဖြစ်ပွားနေတဲ့ မက္ကဆီကိုနယ်စပ်ကို ပိတ်ပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။

နယ်စပ်တံတိုင်းတည်ဆောက်မလား သို့မဟုတ် နယ်စပ်ပိတ်ပစ်မလားလို့ နိုင်ငံတော် ဘက်ဂျက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ အကြပ်အတည်း တစ်ပတ်ကြာဖြစ်ပေါ်နေပြီးနောက် ဒေါ်နယ်ထရန့်က ၎င်းရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

နယ်စပ်ကိုပိတ်ပစ်မယ်လို့ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်တာဟာ အမှန်တကယ်ဖြစ်တယ်လို့ အိမ်ဖြူတော်က အတည်ပြုပြီး ကွန်ဂရက်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာလည်း လက်ရှိမှာ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

ဒီလို အိမ်ဖြူတော်နဲ့ ကွန်ဂရက်အကြား အငြင်းပွားတာတွေကြောင့် အမေရိကန်အစိုးရရဲ့ လုပ်ငန်းအချို့ရပ်ဆိုင်းခဲ့ရပြီး လွှတ်တော်နှစ်ရပ်လုံးအနေနဲ့ ဒီဇင်ဘာ ၂၇ ရက်က မိနစ်အနည်းငယ်ကြာ တွေ့ဆုံခဲ့ကြပေမယ့် အစိုးရလုပ်ငန်းအချို့ ရပ်ဆိုင်းတာကို အဆုံးသတ်ရန် နည်းလမ်းရှာဖွေနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် ဒီဇင်ဘာ ၃၁ ရက်မှာတော့ အောက်လွှတ်တော်နှင့်အထက်လွှတ်တော်တို့ ထပ်မံတွေ့ဆုံဆွေးနွေးကြဦးမှာဖြစ်ပါတယ်။

ယခုသီတင်းပတ်အကုန်ပိုင်းမှာ လွန်ခဲ့သည့်လက ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တဲ့ အတိုက်အခံဒီမိုကရက်တွေက ကျမ်းကျိန်ကြမည်ဖြစ်ပြီး အောက်လွှတ်တော်ကို ချုပ်ကိုင်ထားနိုင်တော့မှာဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ ရီပတ်ဘလစ်ကန်တို့ကလည်း အသာစီးအနည်းငယ်ရရှိထားတဲ့ အထက်လွှတ်တော်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

#voiceofmyanmar#​ဒေါ်နယ်ထရန့်ခြိမ်းခြောက်#
Ref: BBC
Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW