စစ်ဘေးရှောင်တွေအတွက် အကူအညီပေးရေးအဖွဲ့တွေကို အစိုးရခွင့်ပြုချက်နဲ့ သွားလာခွင့်ပြု

ကျောက်တော်၊ ဇန်နဝါရီ ၃-၂၀၁၉
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှာရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအစာနဲ့ အသုံးအဆောင် ပစ္စည်းတွေ ထောက်ပံ့ကူညီပေးရေးအတွက် အစိုးရရဲ့ခွင့်ပြုချက်ရရှိတဲ့ အဖွဲ့တွေကိုပဲသွားလာခွင့်ပြုနေတာ ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြ သူတွေဟာ နီးစပ်ရာကျေးရွာတွေမှာ လာရောက်ခိုလှုံနေကြတာဖြစ်ပြီး အဲဒီလူတွေရဲ့စားရေးသောက်ရေး၊ နေရေးထိုင်ရေး အတွက် အစားအစာနဲ့ အသုံးအဆောင်တွေကို လူမှုအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီနေကြတာဖြစ်ပါတယ်။

“ရိက္ခာသယ်ယူပို့ဆောင်ခွင့်ကို ဖွင့်ပေးလိုက်တာလို့တော့မဟုတ်ဘူး၊ ကျွန်တော်တို့က အခြေအနေအရ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းပြီးတော့ လုပ်ပေးနေပါတယ်၊ စိစစ်ပြီးတော့ သွားခွင့်ပြုနေပါတယ် ”လို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောပါတယ်။

လက်ရှိမှာ အဲဒီဒေသအတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတဲ့အတွက် ထောက်ပံ့ကူညီပေးရေးအဖွဲ့တွေနဲ့ ရိက္ခာသယ်ယူသူတွေကို ယခင်ကလိုမျိုး လွတ်လပ်စွာသွာလာခွင့်မပေးဘဲ ပိတ်ဆို့ထားတာဖြစ်ပါတယ်။

“တိုက်ပွဲတွေလည်းရှိနေသေးတော့ စစ်ဆေးတာတွေတော့ရှိပါတယ်၊ အကူအညီပေးတဲ့အဖွဲ့တွေကိုလည်း ကျွန်တော်တို့က ရခိုင်ပြည်နယ်အစိုးရကိုတင်ပြပေးတယ်၊ သွားခွင့်ပြုရင်တော့ သွားခိုင်းတာပေါ့၊ အဲဒီလိုသွားခွင့်ပေးထားတာ လေးငါးခေါက်ရှိနေပါပြီ၊ မနေ့ကတောင် တစ်ဖွဲ့သွားခွင့်ပေးလိုက်ပါတယ် ”လို့ ဦးသီဟဇော်က ပြောပါတယ်။

ယိုးချောင်းအထက်ပိုင်းမှာ ကျေးရွာပေါင်း ၁၀ ကျော်ရှိနေသေးပြီး အဲဒီကျေးရွာသားတွေဟာ အောက်ပိုင်းကျေးရွာတွေကနေ ဈေးဝယ်ပြီးတော့စားသုံးကြေရတာကြောင့် အခုလိုမျိုး ရိက္ခာသယ်ယူခွင့်ကို ဆက်လက်ပိတ်ဆို့ထားပါက အစားရေးသောက်ရေးအခက်အခဲနဲ့ အကြီးအကျယ်ရင်ဆိုင်လာရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar#​ကျောက်​​တော်​#စစ်ဘေးရှောင်အကူအညီပေးရေးအဖွဲ့တွေကို#အစိုးရခွင့်ပြုချက်နဲ့ သွားလာခွင့်ပြု#

Related posts

Leave a Comment

VOM News

FREE
VIEW