အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ဇန်​နဝါရီ ၇ ရက်မှာ စတင်တော့မည်

ပေကျင်း၊ ဇန်​နဝါရီ ၄-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ အဆုံးသတ်ဖို့အတွက် ရည်ရွယ်ထားတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲကို ဇန်န၀ါရီ ၇ ရက်နဲ့ ၈ ရက်တွေမှာ စတင်တော့မှာဖြစ်ပါတယ်။

ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံလုံးရဲ့ စီးပွားရေးထိခိုက်မှု ပိုမိုဖြစ်ပေါ်နေပြီး ကမ္ဘာ့စီးပွားရေးဈေးကွက် မတည်မငြိမ်ဖြစ်ပေါ်နေခြင်းကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံအကြား လွန်ခဲ့တဲ့နှစ်က ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိ ကုန်ပစ္စည်းများစီးဆင်းမှုတွေ ကမောက်ကမဖြစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုအပေါ် စိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်။

အမေရိကန် ဒုတိယကုန်သွယ်ရေးကိုယ်စားလှယ် ဂျက်ဖရီဂါရစ်ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်တာဝန်ရှိသူတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေအတွက် တရုတ်နိုင်ငံသို့ လာရောက်မှာဖြစ်တယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံလုံးအနေနဲ့ တွေ့ဆုံမယ့် နေရက်အချိန်ကို ဇန်န၀ါရီ ၄ ရက်က ဖုန်းဆက်အတည်ပြုခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး အခြားအသေးစိတ်အချက်အလက်များတွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

လွန်ခဲ့သည့်နှစ်က အာဂျင်တီးနားနိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခုရရှိရန် အားထုတ်မှုတစ်ရပ်အဖြစ် ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး နောက်ထပ်အခွန်တိုးမြင့်ကောက်ခံတာတွေကို ရက် ၉၀ ကြာ ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြပါတယ်။

#voiceofmyanmar#အ​မေရိကန်​တရုတ်​#​ဆွေး​နွေးပွဲ#
Ref : CNA
Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW