စစ်ဘေးရှောင်ကလေးငယ်တွေကို ယာယီစခန်းတွေမှာ ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်နေ

ကျောက်တော်၊ ဇန်နဝါရီ ၄-၂၀၁၉
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးရောက်ရှိလာနေတဲ့ ကလေးငယ်တွေကို ပညာသင်ကြား ရေး လှစ်ဟာမှုမရှိစေရေးအတွက် သူတို့ယာယီနေထိုင်နေကြတဲ့ ကယ်ဆယ်ရေးစခန်းရှိရာ ကျေးရွာတွေမှာ ပညာသင်ကြား ပေးနိုင်ရေးအတွက် စီစဉ်နေတယ်လို့ ကျောက်တော်မြို့နယ် ပညာရေးမှူးရုံးကပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာကိုထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာပေါင်း ၁၅ ရွာခန့်ရှိနေ ပြီး ကျောက်တော်မြို့နယ်အတွင်းက စစ်ရှောင်စခန်း ၄ ခုမှာ ယာယီခိုလှုံနေကြတာဖြစ်ပါတယ်။

“ကျောက်တော်မြို့နယ်အတွင်းမှာ ထွက်ပြေးရောက်ရှိနေတဲ့ကလေးတွေကို သူတို့အခုနေတဲ့ကျေးရွာတွေမှာ စာသင်နိုင်ရေး အတွက် ဆောင်ရွက်နေပါတယ်၊ ဆရာတွေကိုလည်း အခုထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာတွေက ကျောင်းတွေကိုပိတ်ထား တာဆိုတော့ အဲဒီကျောင်းတွေက ဆရာတွေနဲ့ပဲ ဒီမှာသင်ကြားပေးဖို့လုပ်နေပါတယ် ”လို့ ကျောက်တော်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဟန်မောင်က ပြောပါတယ်။

လက်ရှိမှာ ကျောက်တော်မြို့နယ်အတွင်း ပိတ်ထားရတဲ့စာသင်ကျောင်းပေါင်း ၁၅ ကျောင်းရှိနေပြီး အဲဒီကျောင်းတွေက ကျောင်းသားတွေဟာ ဝါးတောင်ကျေးရွာမှာ ၁၉၈ ယောက်၊ တောင်မင်းကုလားကျေးရွာမှာ ၁၇၇ ယောက်၊ ကန်ဇောက် ကျေးရွာမှာ ၁၅၁ ယောက်၊ သလူချောင်းကျေးရွာမှာ ၁၂ ယောက် ရောက်ရှိနေကြတာဖြစ်ပါတယ်။

 “အကုန်လုံးက ကျေးရွာ ၄ ရွာမှာရောက်ရှိနေတဲ့ ကေလးစုစုပေါင်းက ၅၃၈ ယောက်ရှိပါတယ်၊ ကျောင်းသားတွေကတော့ ၈ တန်းအထိရှိနေပါတယ်၊ ဒါကတော့ ကျွန်တော်တို့ပညာရေးဌာနကနေ ၂ ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်း ဖြစ်ပါတယ်၊ နောက်ထပ်လည်းတိုးလာနေတာတွေရှိနေပါတယ်၊ အခုသူတို့အတွက် စာအုပ်တွေနဲ့ ဝတ်စုံတွေပေးဖို့လုပ်နေပါတယ်၊စာမေးပွဲကိုလည်း အဲဒီကျောင်းတွေမှာပဲ စစ်ဆေးနိုင်အောင် ပြင်ဆင်နေပါတယ်”လို့ ဦးသာဟန်မောင်က ပြောပါတယ်။

အဲဒီကျောင်းသူ/သားတွေ ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ပညာရေးဌာနက စာရင်းကောက်ယူမှုတွေ ပြုလုပ်နေပြီး မကြာခင် နီးစပ်ရာကျောင်းတွေမှာ ပညာသင်ကြားပေးသွားမှာဖြစ်ပါတယ်။

#voiceofmyanmar#စစ်​​ရှောင်​က​လေးများ#ပညာသင်​ကြားနိုင်​​ရေး#

Related posts

Leave a Comment

VOM News

FREE
VIEW