ဘူးသီးတောင်မှာ နယ်ခြားစောင့်စခန်း ၄ ခုတိုက်ခိုက်ခံရ တိုက်ပွဲများဆက်ဖြစ်

ဘူးသီးတောင်၊ ဇန်နဝါရီ ၄-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်အတွင်းက နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကိုဒီကနေ့မနက်ပိုင်းမှာ AA ကဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မြို့ပေါ်နဲ့မိုင် ၂၀ ခန့်အကွာမှာတည်ရှိတဲ့ နယ်ခြားစောင့် ရဲကင်းစခန်းတွေဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မနက် ၅ နာရီဝန်းကျင်လောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“တိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတာတော့ သတင်းရပါတယ်၊ ခထီးလှတို့၊ ငမြင်းဘော်တို့ဘက်မှာ ဖြစ်နေတာပါ၊ မနက်စောစောကတည်းက ဖြစ်နေတာပါ၊ တခြားအသေးစိပ်တော့မသိရဘူးဗျ “လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ ရဲကင်းစခန်းတွေကတော့ ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်၊ ဂုတ်ပီစတဲ့ရဲကင်းစခန်းတွေဖြစ်ပြီး ရဲဝန်ထမ်း ၇ ဦးကျဆုံးပြီး ၁၄ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

“မနက်တုန်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ စခန်းလေးခု တိုက်ခိုက်ခံခဲ့ရပါတယ်၊ AA ကတိုက်တာပါ၊ ကျွန်တော်တို့ဆီကတော့ စစချင်းပဲ အထောက်အကူအဖွဲ့တွေ၊ စစ်ကူအဖွဲ့တွေအဲဒီနေရာကို ရောက်သွားပြီ၊ အခြေအနေက ထိမ်းသိမ်းနိုင်ပါပြီ၊ ထိခိုက်ကျဆုံးမှုတွေလည်းရှိတယ်၊ သတင်းအတိအကျမရသေးလို့မထုတ်ပြန်သေးတာဖြစ်ပါတယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

အဲဒီတိုက်ခိုက်ခံလိုက်ရတဲ့စခန်းတွေဟာ ဒေသခံတိုင်းရင်းသားတွေနဲ့ နယ်မြေလုံခြုံရေးအတွက်ဆောင်ရွက်နေတဲ့ စခန်းတွေဖြစ်ပြီး အခုလိုတိုက်ခိုက်မှုမျိုးကို မပြုလုပ်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

“တိုက်ပွဲတွေက မနက်ပိုင်းကတည်းကဖြစ်နေတာ၊ ၇ နာရီကျော်လောက်မှာတော့ လေယဉ်နဲ့ပစ်ခတ်တာတွေကိုတော့ ကျွန်တော်တို့ရွာကနေ မြင်လိုက်ရတာပေါ့၊ အခုလောလောဆယ်မှာတော့ တည်ငြိမ်သွားပါပြီ”လို့ ဇီးဒုကျေးရွာက ဦးဒုံးဖော်အောင်က ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာတွေကို ဆက်သွယ်မေးမြန်းခဲပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#ဘူးသီး​တောင်​#နယ်​ခြား​စောင်​စခန်း၎ခုတိုက်​ခိုက်​ခံရ#

Related posts

✕
VOM News

FREE
VIEW