စက်သုံးဆီ အရည်အသွေး အခြင်အတွယ် မှန်ကန်ပြည့်ဝမှုရှိမရှိ တိုင်ကြားပါက တိတိကျကျ တိုင်ကြားနိုင်

နေပြည်တော်၊ ဇန်န၀ါရီ ၁၈- ၂၀၁၉

ဒီပ(နေပြည်တော် VOM)

ပုဂ္ဂလိကစက်သုံးဆီ သိုလှောင်ကန်စခန်းများနဲ့ အရောင်းဆိုင်များက သိုလှောင်ဖြန့်ဖြူး ရောင်းချနေတဲ့ စက်သုံးဆီများကို  သတ်မှတ်အရည်အသွေးနဲ့ အခြင်အတွယ် မှန်ကန်ပြည့်ဝဖို့ အထူးအလေးထား ဆောင်ရွက်သွားဖို့ လိုပြီးတော့ နစ်နာသူတွေအနေနဲ့ တိုင်ကြားပါက တိတိကျကျ တိုင်ကြားနိုင်ကြောင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ဇန်န၀ါရီ(၁၇)ရက် သတင်းထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ MPPEမှာ ဖုန်းနံပတ်တွေပေးထားပါတယ် အဲ့ဒီကိုဆက်ပြီး တိုင်ကြားနိုင်ပါတယ် ဒါဆိုရင် ရှောင်တခင် ၀င်ရောက်စစ်ဆေးတာမျိုးလုပ်မယ် ဒါပေမယ့် ဖုန်းနဲ့တိုင်ကြားခြင်းအားဖြင့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကွှန်တော်တို့ကိုလည်း တိုင်ကြားတဲ့သူတွေရှိတယ် ကျွန်တော့ကိုတိုင်ရင် နာမည်တိတိကျကျပြော ဖုန်းနံပတ်ပေး ဘာလို့လည်းဆိုတော့ စစ်ဆေးအရေးယူ ပြီးပြီဆိုရင်လည်း ဒီလူကို လေးစားတဲ့အနေနဲ့ ပြန်ပြောလို့ရအောင် တစ်ချို့ကျတော့ စီးပွားရေး ပြိုင်ဘက်အချင်းချင်း တိုင်တဲ့ဟာတွေ ကြုံတွေ့နေရတယ် အဲ့ဒီတော့ တိုင်မယ်ဆိုရင်တော့ တိတိကျကျတိုင်ပါ”လို့ ဦးမင်းမင်းဦးက ပြောပါတယ်။

ဆီအရည်အသွေး ဆီချိန်တွယ်မှုနဲ့ပတ်သက်ပြီး  တိုင်ကြားနိုင်ဖို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ကြီးကြပ်ရေး ကော်မတီများမှတဆင့် ဆီဆိုင်များကို အကြောင်းကြားထားပြီး တစ်ချို့သောဆိုင်များက လိုက်နာမှု မရှိသေးတဲ့အတွက် ထပ်မံပြီးတော့ ကြပ်မတ်သွားမယ်လို့ လက်ထောက်အတွင်းဝန်က ပြောဆိုခဲ့ပါတယ်။

“တနိင်ငံလုံး အတိုင်းအတာအရ ၂၀၁၄ခုနှစ်ကတည်းကစစ်တာ စုစုပေါင်း(၄၄၄)ကြိမ် စစ်ဆေးရေးအဖွဲ့နဲ့ စစ်တာကတော့ နှစ်မျိုးရှိတယ် ဒီဆိုင်ကို အရည်အသွေးမမှီဘူး အချိန်အတွယ်မမှီဘူးဆိုပြီး အချို့ကတိုင်ကြားတယ် တစ်ခါတစ်ရံ ရေနံကြီးကြပ် ကော်မတီဆိုတာရှိတယ် ဆပ်ကော်မတီထဲမှာပါတဲ့ ပြည်ထဲရေး မီးသတ်တို့နဲ့ ရှောင်တခင် စစ်တာရှိပါတယ် အားလုံးရှေ့မှာပေါ့ သူ့အမျိုးအစားလိုက် သန်လျင်ဓာတ်ခွဲခန်းကို ပို့ရတာရှိတယ် အဲ့ဒီမှာထွက်တဲ့အဖြေက အဓိကပဲ “လို့ မြန်မာ့ရေနံနဲ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက  ဒုတိယ ညွှန်ကြားရေးမှုးဖြစ်သူ ဦးလှကျော်ကပြောပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အခြင်အတွယ် မှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါရင် ရေနံနဲ့ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားခဲ့သလို ၂၀၁၈ခုနှစ် နှစ်လယ်ပိုင်းကစပြီး  အသိပေးကြေငြာထားခဲ့ပေမယ့် အခုအချိန်ထိ စစ်ဆေးတိုင်ကြား အရေးယူဆောင်ရွက်ရမယ့် ဖြစ်စဉ်တွေမရှိသေးဘူးလို့လည်း ဒုတိယညွှန်ကြားရေးမှုးက ဆက်လက်ပြောပြခဲ့ပါတယ်။

စံချိန်စံညွှန်း အရည်အသွေးနဲ့ အခြင်အတွယ် ပြည့်မီမှန်ကန်မှုမရှိတဲ့ ရေနံနဲ့ရေနံထွက်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းမပြုရ”လို့ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ပုဒ်မ၃၉(ခ)အရ ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ အနည်းဆုံးကျပ်ငွေငါးသိန်းကနေ ကျပ်သိန်းငါးဆယ်အထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်အရေးယူ ဆောင်ရွက်ခြင်း ခံရမယ်ဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar#စက်သုံးဆီ#လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW