တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ်လေးခုမှာ အခြေခံပညာကျောင်းပေါင်း ၃၈ ကျောင်း ယာယီပိတ်

စစ်တွေ၊ ဇန်န၀ါရီ ၁၈-၂၀၁၉
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ရခိုင်မြောက်ပိုင်းဒေသက မြို့နယ်လေးမြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း ၃၈ ကျောင်းကို ယာယီပိတ်ထားရတယ်လို့ ရခိုင်ပြည်နယ်ပညာရေးဌာနက ပြောပါတယ်။

အဲဒီပိတ်ထားရတဲ့ကျောင်းတွေဟာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြို့နယ်တွေက ကျောင်းတွေဖြစ်ကြပြီး အဲဒီဒေသခံတွေထွက်ပြေးနေကြရတာကြောင့် အခုလိုကျောင်းတွေကို ပိတ်လိုက်ရတာဖြစ်ပါတယ်။
“ရခိုင်ပြည်နယ်မှာ ပိတ်ထားတာကတော့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၂ ကျောင်း၊ ရသေ့တောင်မှာ ၁ ကျောင်း၊ ကျောက်တော်မှာ ၁၂ ကျောင်း၊ ဘူးသီးတောင်မှာ ၂၃ ကျောင်း စုစုပေါင်းက ၃၈ ကျောင်းကို ယာယီပိတ်ထားရပါတယ်။”လို့ ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးစိန်လှထွန်းက ပြောပါတယ်။

အဲ့ဒီကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားတွေ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြရတဲ့အတွက် ပညာသင်ကြားဖို့ အခက်အခဲရှိနေပြီး အဲ့ဒီကျောင်းသားတွေကို လက်ရှိနေထိုင်နေကြတဲ့ကျေးရွာတွေက ကယ်ဆယ်ရေးစခန်းတွေမှာ ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။

“ရွာအလိုက်ထွက်ပြေးလာခဲ့ကြတာဆိုတော့ ကျောင်းသားတွေနဲ့အတူ ဆရာဆရာမတွေလည်း ပါလာကြတယ်။ တချို့ရွာကကျောင်းတွေအတွက်ဆိုရင် ဆရာတွေကိုခေါ်ပြီးတော့ သင်တယ်။ နီးစပ်ရာဘုန်းတော်ကြီးတောင်းတို့လို့ အဆင်ပြေတဲ့နေရာတွေမှာ သင်ကြားနေပါတယ်။ လိုအပ်တဲ့စာအုပ်စာတန်းတွေနဲ့ ကျောင်းဝတ်စုံတွေကို ခရိုင်အလိုက်ထုတ်ပေးထားပါတယ်။”လို့ ဆက်လက်ပြောကြားပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ကျောင်းသူ့သားတွေကို သူတို့ရောက်ရှိနေတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားပေးနေပေမယ့် အခက်အခဲတချို့ရှိနေတယ်လို့ သင်းပုန်းတန်းကျေးရွာကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင် ကျောင်းသားမိဘတွေက ပြောပါတယ်။

လက်ရှိမှာတော့ မြို့နယ် လေးခုအတွင်းမှာပိတ်ထားရတဲ့ ကျောင်းပေါင်း ၃၈ ကျောင်းက ကျောင်းသူကျောင်းသားဦးရေ ၂၄၀၃ ဦးတို့ဟာ စစ်ဘေးရှေင်စခန်းတွေမှာ ပညာသင်ကြားနေရတာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW