ဒေါက်တာအေးမောင်ရဲ့ဟောပြောချက်ဟာ ယေဘုယျဆန်တဲ့နိုင်ငံရေးဟောပြောမှုဖြစ်ကြောင်း ဥပဒေအရာရှိက တရားလွှတ်တော်မှာလျှောက်လဲခဲ့

စစ်တွေ၊ ဇန်န၀ါရီ ၁၉-၂၀၁၉

ခိုင်လင်းစံ (VOM)

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုကို ခြေဖျက်ပေးဖို့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ဒုတိယအကြိမ်လျှောက်ထားခဲ့ကြရာမှာ ရခိုင်ပြည်နယ် ဒုတိယဥပဒေအရာရှိက ဒေါက်တာအေးမောင်ရဲ့ ဟောပြောချက် တွေဟာ ယေဘုယျဆန်တဲ့နိုင်ငံရေးဟောပြောမှုသာဖြစ်တယ်လို့ လျှောက်လဲချက်ပေးခဲ့ကြောင်း ဒေါက်တာအေးမောင်က မနေ့ကရုံးထုတ်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီလျှောက်ထားချက်ကိုတော့ ရခိုင်ပြည်နယ်တရားလွှတ်တော်က စီရင်ထုံးနှစ်ခုနဲ့ ထပ်မံပယ်ချလိုက်တာဖြစ်တဲ့ အတွက် ခရိုင်တရားရုံးမှာ ဆက်လက်ပြီး အမှုရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

“ပြည်နယ် ဒုတိယဥပဒေအရာရှိကတော့ ဒေါက်တာအေးမောင်ရဲ့ဟောပြောချက်ဟာ နိုင်ငံရေးဆန်ဆန်ယေဘုယျသဘော တရားတွေကိုပဲ ဟောပြောခဲ့တာဖြစ်တယ်။ ပြည်သူတွေနိုင်ငံရေးအသိစိတ်ဓါတ်ရရှိအောင် ပြောကြားခဲ့တာဖြစ်တယ်လို့ သုံးသပ်တွေ့ရှိရတယ်လို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်ဝါ၀ါထွန်းကတော့ စီရင်ထုံးနှစ်ခုနဲ့ အောက်ကိုချပစ် တယ်”လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

တရားလိုဘက်က သက်သေခံအဖြစ်တင်သွင်းထားတဲ့ စီဒီခွေဟာ တစ်ဆင့်ခံကူးယူထားတဲ့ခွေဖြစ်တာကြောင့် သက်သေခံ အဖြစ်လက်မခံခဲ့ပေမယ့် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဝါ၀ါထွန်းကတော့ သက်သေခံဝင်ကြောင်း လက်ခံထားတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

“စီဒီခွေက တစ်ဆင့်ခံကူးထားတဲ့ခွေပါ။ ဒါကေ၀၀ါးပါတယ်။ မူးရင်းဖုန်းကိုမပြနိုင်တဲ့အတွက် ဒါဟာသက်သေခံမ၀င်ဘူး။ စွဲချက်နဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ဘက်က အကုန်လုံးဖြေရှင်းပြီးပြီ။ ဒေါ်ဝါ၀ါထွန်းကတော့ စီဒီခွေကိုသက်သေခံ ၀င်တယ်လို့ သဘောထားပါတယ်။ ဒါက နိုင်ငံတော်နဲ့သက်ဆိုင်တဲ့အမှုဖြစ်တဲ့အတွက် သုံးသပ်ပါစေ။ အမှုကတော့ လာမယ့် ဖေဖော်ဝါရီလကုန်ပိုင်းလောက်ဆိုရင် ပြီးနိုင်ပါတယ်။”လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလက ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုလ ၁၈ ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

#voiceofmyanmar#ဒေါက်တာအေးမောင်#ဝေဟင်အောင်

Related posts

Leave a Comment

VOM News

FREE
VIEW