အလောင်းတော်ကဿပလမ်း ဖွင့်ပြီး ၁ လအတွင်း ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်။

ကနီ ဇန်နဝါရီ ၂၁-၂၀၁၉

ဗျဂ္ဃ (VOM)

ဇန်နဝါရီလ ၂၀ ရက်နေ့က ကနီမြို့နယ်ထဲက အလောင်းတော်ကဿပကားလမ်း နတ်ထိပ်အဆင်းမှာ အလောင်းတော်ကဿပဖက်ကနေ ကပိုင်ဖက်ကို ယာဉ်မောင်း စိုးလင်းထွန်းမောင်းလာပြီး ခရီးသည် ၄၀လောက်ပါလာတဲ့ကားဟာ ဘရိတ်ပေါက်ပြီး လမ်းဘေးသစ်ပင်ဝင်တိုက်တဲ့အတွက် ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့နေရာအပိုင် ချောင်းမရဲကင်းစခန်းမှ တာဝန်ရှိသူတဦးက

“စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာတွေတော့ မရခဲ့ဘူး။ ပွန်းပဲတာလောက်ပါပဲ။ ကားက အဆင်းမှာ ဘရိတ်ပေါက်သွားတာပါ။ အဲဒါကနေ လမ်းဘေးသစ်ပင်ဝင်တိုက်မိတာ။ ကားဦးခေါင်းပိုင်းတော့ ကြေသွားတယ်။ခရီးသည် ၄၀ ဦးခန့်ရှိခဲ့ပြီး ၁၃ ဦးမှာ မစိုးရိမ်ရတဲ့ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့လို့ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ်လို့ “  ဖြစ်စဉ်ကို ခုလိုပြောပြပါတယ်။

ယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့တဲ့ ယာဉ်မောင်း စိုးလင်းထွန်း (၃၅ နှစ်)ကိုတော့ ကနီမြို့မရဲစခန်းက ယာဉ်(ပ)၂/၂၀၁၉၊ ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၃၃၈/ ၃၃၇ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဘုရားဖူးလမ်းဖွင့်ပြီး ၁ လအတွင်းမှာဘဲ ဇန်နဝါရီလ ၁၃ ရက်နေ့က ၁ ကြိမ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ယာဉ်မတော်တဆမှုတွေဖြစ်ပွားခဲ့ပါတယ်။

ပထမအကြိမ်ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာတော့ ယာဉ်ပေါ်ပါ ခရီးသည် ၁ဦး သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး ဒုတိယအကြိမ်ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုမှာတော့ လူအသေအပျောက်မရှိခဲ့ပေမယ့် ၁၃ ဦးထိ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

လမ်းတွေက အကွေ့အကောက်များပြီး အတက်အဆင်းကြမ်းတဲ့အတွက် သွားနေကျ ကားသမားတွေ မဟုတ်ရင် သတိထားမောင်းနှင်ဖို့လိုသလို ယာဉ်မတော်တဆမှုဖြစ်ပွားတတ်တဲ့ နေရာတွေမှာ မြင်သာအောင် လမ်းညွှန်သတိပေးဆိုင်းဘုတ်တွေ ခပ်စိပ်စိပ် တပ်ဆင်ထားဖို့လိုပြီး ကားကြံ့ခိုင်ဖို့လိုကာ ဒေသခံတွေရဲ့ ပြောစကားအရ နတ်ကြီးတဲ့အတွက် အပြောအဆို အနေအထိုင် ဆင်ခြင်ရတယ်လို့ သွားလာနေသူတွေက ဆိုပါတယ်။

အလောင်းတော်ကဿပက ဘုရားဖူးသက်သက်မဟုတ်ဘဲ ချောင်းမြောင်းစိမ့်စမ်းတွေ၊ ဆင်တွေနဲ့ အပန်းဖြေစခန်းလိုဖြစ်နေတဲ့အတွက်လည်း နှစ်စဉ် ပြည်တွင်း၊ ပြည်ပက ခရီးသွားတွေ၊ ဘုရားဖူးခရီးသည်တွေ သိန်းဂဏန်းလာရောက်လည်ပတ်တဲ့ နေရာ ၁ ခုလည်းဖြစ်ပါတယ်။

ပွဲတော်ကာလက တပေါင်းလပြည့်နေ့ဖြစ်ပေမယ့် အဲဒီမတိုင်ခင်ကတည်းက သွားရောက်လည်ပတ်သူတွေလည်း နေ့စဉ်ရှိနေတာပါ။ ခရီးသွားတွေများတဲ့အတွက် ယာဉ်မတော်တဆမှုတွေလည်း နှစ်စဉ်ကြုံတွေ့ရတတ်ပြီး လူသေဆုံးမှုတွေလည်းရှိတတ်ပါတယ်။

#voiceofmyanmar#အလောင်းတော်ကဿပ#ဘုရားဖူးကားဘရိတ်ပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW