ကုလအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံစဉ် တိုက်ပွဲတွေရပ်စဲပေးရေးတိုက်တွန်းပေးဖို့ ANP အကြံပြု

ဇန်န၀ါရီ ၂၃-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်လေးမြို့နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ AA တို့ရဲ့တိုက်ပွဲတွေကို ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်နိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းတွေကို တိုက်တွန်းပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ကို ရခိုင်အမျိုးသားပါတီ ANP က အကြံပြုတောင်းဆိုလိုက်ပါတယ်။

အဲဒီတောင်းဆိုမှုကို မနေ့ဇန်န၀ါရီ ၂၂ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ် Ms.Cristine Schraner Burgner ဟာ စစ်တွေမြို့ကိုရောက်ရှိလာခဲ့ပြီးတော့ ရခိုင်အမျိုးသားပါတီနဲ့ မနေ့ကညနေပိုင်း တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

“မြန်မာ့တပ်မတော်နဲ့ AA တို့ဖြစ်နေတဲ့တိုက်ပွဲတွေကို ရပ်ဆိုင်းပြီးတော့ ငြိမ်းချမ်းရေးစကားဝိုင်းကို သွားဖို့အတွက် နှစ်ဖက်စလုံးကိုတိုက်တွန်းဖို့အတွက် အကြံအညာဏ်ပြုပါတယ်။ နောက်ပြီးတော့ စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ အကူအညီပေးတာတွေမှာ တချို့တချို့ဒေသတွေကိုသွားဖို့အတွက် လမ်းကြောင်းပိတ်တာတွေရှိတယ်။ ဒါတွေကိုဖွင့်ပေးဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။”လို့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေအများပြားလိုအပ်နေပြီး အဲဒီလိုအပ်ချက်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေက ပေးအပ်တဲ့အကူအညီနဲ့လုံလောက်နိုင်မှုမရှိတဲ့အတွက် အကူအညီတွေပေးကြဖို့ တိုက်တွန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

“နောက်တစ်ခုက အရပ်သားတွေကိုလည်း ပေါ်တာဆွဲတာတွေရှိနေတယ်လို့ ကျွန်တော်တို့ကြားရတယ်။ အဲဒါတွေကိုလည်း အတတ်နိုင်ဆုံး ပေါ်တာဆွဲတာတွေမရှိအောင်။ ပြည်သူတွေနစ်နာမှုမရှိအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကဆွေးနွေးချက်တွေကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီးတော့ အကောင်းဆုံးအဖြေတစ်ခုထွက်အောင် ဆောင်ရွက်သွားမယ်လို့တော့ ပြောပါတယ်။”လို့ ဦးခိုင်ပြည်စိုးက ပြောကြားပါတယ်။

လက်ရှိမှာတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အပေါ်မှာ ယခင်ကထက် စိတ်ဝင်စားမှုတွေရှိလာနေသလို ပိုပြီးတော့ရှင်းလင်းပြတ်သားတဲ့အနေအထားမျိုးကိုတွေ့နေရတယ်လို့ ဦးခိုင်ပြည်စိုးက ဆက်လက်ပြောကြားလိုက်ပါတယ်။

#Voiceofmyanmar#ရခိုင်အမျိုးသားပါတီ#ANP

 

Related posts

Leave a Comment

VOM News

FREE
VIEW