ရခိုင်ပြည်နယ်မှာ နိုင်ငံတကာနဲ့ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုပြပွဲပြုလုပ်ဖို့ အစိုးရစီစဉ်

စစ်တွေ၊ ဇန်နဝါရီ ၂၃-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ လာမယ့်ဖောဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသ သံတွဲမြို့နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြပွဲတစ်ခုကို ကျင်းပပြုလုပ်သွားဖို့ရှိနေပါတယ်။

အဲဒီရင်းနှီးမြှုပ်နှံမှု ပြပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပသွားမှာဖြစ်ပြီးတော့ အဲဒီပြပွဲကို နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

“လာမယ့် ဖေဖော်ဝါရီ ၂၁ ကနေ ၂၃ ရက်နေ့တွေမှာ သံတွဲမှာ ရင်းနှီးမြှုပ်နှံမှု ပြပွဲတစ်ခုကို ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။ အဲဒီမှာ နိုင်ငံတကာကပါ ပါဝင်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမားလုပ်ဖို့ရှိပါတယ်။ အဲဒီအတွက် တချို့ဆိုလည်း သိနေကြပါပြီ။ တရားဝင်လည်း ကမ်းလှမ်းဖိတ်ခေါ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။”လို့ ဝန်ကြီးချုပ်ဦးညီပုက ပြောကြားပါတယ်။

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဖိတ်ခေါ်ကျင်းပရခြင်းမှာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များ အောင်မြင်လာနိုင်ရေးအတွက်ဖြစ်ပြီး ရခိုင်ဒေသတည်ငြိမ်အေးချမ်းမှုရရှိလာဖို့အတွက် ဖွံ့ဖြို့မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“တည်ငြိမ်အေးချမ်းမှုအတွက် ဖွံ့ဖြိုးမှုဟာ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ပြိုင်နက်တည်းလုပ်တဲ့နေရာမှာ ဖွံ့ဖြိုးမှုကို ပိုပြီးတော့ ဦးစားပေးဆောင်ရွက်တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွံ့ဖြိုးလာလို့ရှိရင် အလိုလိုတည်ငြိမ်လာမှာဖြစ်ပါတယ်။”လို့ ဦးညီပုက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမငြိမ်မသက်ဖြစ်နေတာဟာ တစ်ပြည်နယ်လုံးမှာဖြစ်ပွားနေခြင်းမဟုတ်ဘဲ ဒေသရဲ့ အစိပ်အပိုင်းတစ်ခုမှာ ဖြစ်ပွားနေခြင်းသာဖြစ်ပွားနေခြင်းဖြစ်ပြီး နားလည်မှုလွဲမှားနေတဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ နည်းပါးနေတာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်ပါတယ်။

#voiceofmyanmar#ရခိုင်ရင်းနှီးမြှုပ်နှံမှု

Related posts

Leave a Comment

VOM News

FREE
VIEW