ချင်းအမျိုးသားနေ့ ကျင်းပမည့် ရက်နှင့် တူနေသည့် အခြေခံပညာစာမေးပွဲ ရက်ရွှေ့ကျင်းပမည်

ဟားခါး ဇန်န၀ါရီ ၂၄-၂၀၁၉

မိုင်ချယ်ရီ (VOM)

ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ ကျင်းပမယ့် (၇၁) နှစ် ပြည့် ချင်းအမျိုးသားနေ့နဲ့ ရက်တူနေတဲ့ အခြေခံပညာ စာမေးပွဲ ရက်ကို ရက်ရွှေ့ ကျင်းပသွားမှာ ဖြစ်တယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာ စာသင်တန်း ဖြစ်တဲ့ စတုတ္ထတန်း နဲ့ အဋ္ဌမတန်း စာမေးပွဲတွေကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တနင်္လာနေ့ ကနေ စပြီး ဖေဖော်ဝါရီလ ၁၉ ရက် ၊ ဖေဖော်ဝါရီလ ၂၀ ရက် ၊ဖေဖော်ဝါရီလ ၂၁ ရက် ၊ဖေဖော်ဝါရီလ ၂၂ ရက် နဲ့ ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွေမှာ ကျင်းပဖို့ အခြေခံပညာဦးစီးဌာနကနေ ညွန်ကြားထားခဲ့တာဖြစ်ပါတယ်။

ဒီလို ညွန်ကြားထားတဲ့ စာမေးပွဲရက်တွေထဲက သင်္ချာဘာသာ ဖြေဆိုရမယ့် ဖေဖော်ဝါရီလ ၂၀ ရက် ဟာ ချင်းအမျိုးသားနေ့ နဲ့ တိုက်နေတာကြောင့် ချင်းပြည်နယ် အတွင်းမှာ ရှိတဲ့ စာသင်ကျောင်း အားလုံးမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အစား ဖေဖော်ဝါရီလ ၂၁ ရက်နေ့ အဖြစ် ပြောင်းရွှေ့ဖြေကြားရမှာ ဖြစ်ပါတယ်။

ဒီလို ရက်ရွှေ့ ကျင်းပလိုက်တာ ဖြစ်တာကြောင့် ချင်းပြည်နယ်မှာ ရှိတဲ့ ၄ တန်း နဲ့ ၈ တန်း စာမေးပွဲ ဖြေဆိုမှု ပြီးဆုံးမယ့် ရက်ဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အဖြစ် အခြားတိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေ ထက် တစ်ရက်နောက်ကျပြီး မှ ပြီးစီးမှာ ဖြစ်တယ်လို့ ချင်းပြည်နယ် ပညာရေးမှုးရုံးကနေ ထုတ်ပြန်ထားတဲ့ စာမေးပွဲအချိန်ဇယား အရ သိရပါတယ်။

ဒီလိုရက်ရွှေ့ ကျင်းပတာနဲ့ ပတ်သက်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က “ဒီနှစ်က တိုက်တိုက်ဆိုင်ဆိုင် ချင်းအမျိုးသားနေ့ နဲ့ တိုက်နေတော့ ဘာပဲ ဖြစ်ဖြစ် အဲ့ဒီရက်ကိုတော့ ရွှေ့ရအောင် ဆိုပြီး ရွှေ့ခိုင်းလိုက်တာပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ နှစ်စဉ် ကျင်းပနေတဲ့ ချင်းအမျိုးသားနေ့ ပြည်နယ်အဆင့် ကျင်းပတာကို ချင်းပြည်နယ် အတွင်းက မြို့နယ်တွေမှာ နှစ်စဉ်အလှည့်ကျ ကျင်းပနေတာ ဖြစ်ပြီး ဒီနှစ်မှာတော့ ဟားခါးမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဟားခါးမြို့မှာ ပြည်နယ် အဆင့် ကျင်းပမှာ ဖြစ်သလို အခြားမြို့တွေမှာလည်း မြို့နယ် အဆင့် ကျင်းပကြတာ ဖြစ်ပါတယ်။ ဒီလို တစ်နှစ်မှာ တစ်ကြိမ် ကျင်းပတဲ့ ချင်းအမျိုးသားနေ့မှာ တစ်မျိုးသားလုံး ပါဝင်ဆင်နွဲနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာမေးပွဲရက်ရွှေ့ ကျင်းပမှာ ဖြစ်သလို တရာဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ၀န်ထမ်းအားလုံး ပါဝင်ဆင်နွှဲနိုင်အောင်လည်း စီစဉ်ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးကနေ သိရပါတယ်။

#voiceofmyanmar#ချင်းအမျိုးသားနေ့

Related posts

Leave a Comment

VOM News

FREE
VIEW