ရခိုင်မှာ စစ်ဘေးရှောင်ကလေးတွေကျောင်းပြန်တက်နိုင်ဖို့စီစဉ်သော်လည်း တချို့နေရာတွေမှာ ကျောင်းတွေကိုပိတ်ထားဆဲမို့ ပညာသင်ကြားခွင့်မရဖြစ်နေသေး

ကျောက်တော်၊ ဇန်နဝါရီ ၂၄-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ကျေးရွာအများအပြားကဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အဲဒီစစ်ဘေးရှောင်တွေထဲမှာ ကျောင်းသား/သူတွေပါဝင်နေတာကြောင့် ရောက်ရှိနေတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ပညာရေးဌာနကစီစဉ်ပေးထားပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းက ထွက်ပြေးတိမ်းရှောင်မှုရှိသေးတဲ့ ကျေးရွာနှစ်ရွာမှာတော့ ဒေသအခြေအန မတည်ငြိမ်တာကြောင့် ကျောင်းတွေကိုယာယီပိတ်ထားရတဲ့အတွက် ကလေးငယ်တွေ ပညာသင်ကြားခွင့် မရရှိဘဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တချို့ကလေးတွေက ကျောင်းမတက်ရသူတွေလည်းရှိတယ်။ ကျောင်းတက်ရတဲ့သူတွေလည်းရှိတာပေါ့။ အခုဆိုရင် ကျွန်တော်တို့ဘက်က အပေါ်မှာ ကလေးတွေကျောင်းမတက်ရဘူး။ အပေါ်ကနေဆင်းလာတဲ့ ကလေးတွေကတော့ ကျောင်းတက်ရတာပေါ့။ လမုကိုင်းနဲ့ခရုတက်ကတော့ ကျောင်းမတက်ရဘူး။”လို့ ပါချေကျေးရွာသားတစ်ဦးက ပြောပါတယ်။

ထွက်ပြေးရောက်ရှိလာခဲ့ကြတဲ့ကလေးငယ်တွေကို ယာယီနေထိုင်နေကြတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ ပညာသင်ကြားပို့ချပေးနေပေမယ့် အခက်အခဲတချို့ရှိနေတာကြောင့် ကျောင်းမတက်တဲ့ကလေးငယ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ကတော့ အကုန်လုံးကိုကျောင်းတက်ခိုင်းထားပါတယ်။ မိဘတွေကိုလည်းပြောထားပါတယ်။ ရွာမှာက မူလတန်းကျောင်းရှိတယ်။ အဲဒီမှာတက်ခိုင်းထားပါတယ်။ ဒါပေမယ့် မတက်သူတွေလည်းရှိတယ်။ ဘာကြောင့် မတက်လဲတော့ မသိဘူး”လို့ အထက်မြတ်လေးကျေးရွာက စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းလှိုင်ကပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ နေရပ်စွန့်ခွာသူတွေများပြားနေတဲ့အတွက် မြို့နယ်နယ်လေးမြို့ နယ်အတွင်းမှာ ယာယီပိတ်ထားရတဲ့အခြေခံပညာကျောင်းပေါင်း ၄၀ နီးပါးရှိနေပြီး တချို့ကျောင်းတွေကို ပြန်လည်ဖွင့် လှစ်ဖို့ပြင်ဆင်နေပေမယ့် အဆင်မပြေနိုင်သေးတာဖြစ်ပါတယ်။

#voiceofmyanmar#ရခိုင်စစ်ရှောင်ကလေးတွေကျောင်းမတက်နိုင်သေး

Related posts

Leave a Comment

VOM News

FREE
VIEW