ပိုင်ဆိုင်မှုအထောက်အထား ပြသနိုင်ခြင်းမရှိတဲ့ ဆင်တကောင်ကို သယ်ဆောင်လာလို့ ဖမ်းဆီးအရေးယူ

ပင်လည်ဘူး – ဇန်နဝါရီ ၂၅-၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

စစ်ကိုင်းတိုင်း ကသာခရိုင် ပင်လည်ဘူးမြို့နယ်အတွင်း ပင်လည်ဘူး – ကောလင်း သွား ကားလမ်းမပေါ်မှာ (၆)ဘီး ယာဉ်နဲ့ သယ်ဆောင်လာတဲ့ ဆင် တစ်ကောင်ကို တွေ့ရတာကြောင့် သယ်ဆောင်လာသူတွေကို စစ်ဆေးမေးမြန်းရာမှာ ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာကို ပြသနိုင်ခြင်း မရှိတာကြောင့် ဖမ်းဆီးအရေးယူမှု ဇန်နဝါရီ (၂၄)ရက်နေ့ နံနက်(၁၀း၀၀)အချိန် က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ် ။

ပင်လည်ဘူးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လွှမ်းဝေအောင် နဲ့ တပ်ဖွဲ့ဝင်များက မြို့နယ်သစ်တော ဦးစီးဌာနက တောအုပ်ကြီး မြင့်ကျော် နဲ့ သစ်တောဝန်ထမ်းများ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တို့ဟာ သတင်းအရ သက်သေတွေနဲ့အတူ ပင်လည်ဘူး – ကောလင်း သွား ကားလမ်းမ  ပင်လည်ဘူးမြို့အထွက်မှာ စောင့်ဆိုင်းနေချိန်  ပင်လည်ဘူးမြို့နယ်ဘက်ကနေ ကောလင်းမြို့နယ်ဘက်ကို မောင်းနင်လာတဲ့ ယာဉ်အမှတ် MDY 1N/8105 ပါ  FORLAND အမျိုးအစား အဖြူရောင် (၆)ဘီးယာဉ် ကို ရပ်တန့်စစ်ဆေးရာမှာ ယာဉ်ပေါ်က အမြင့်(၇)ပေ ၊ အလျှား(၁၁)ပေ (၆)လက်မ ၊ ကိုယ်လုံးပတ်(၁၁)ပေခန့် ရှိတဲ့  မိအေး အမည်ရှိ ဆင်မ တစ်ကောင်ကို တွေ့ရပါတယ်။  ယာဉ်မောင်း မြင့်လွင်ဦး နဲ့ ဆင်ဦးစီး ဇော်ဝင်းထွန်း တို့ကို စစ်ဆေးနေတုန်း ဆင်ပိုင်ရှင်ဆိုသူ ဝင်းကိုက KCN 1H – 8757 ပါဂျဲရိုး အစိမ်းရောင်ယာဉ်နဲ့ မောင်းနင်ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီ ဆင် နဲ့  ပတ်သက်တဲ့ ပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်ရာကိုလည်း ပြသနိုင်ခြင်း မရှိတာကြောင့် အဲ့ဒီ ဆင်ကို ကောလင်းမြို့ မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဒေသကို ပေးပို့ ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့ကနဦးစစ်ဆေးချက်အရသိရပါတယ်။

ဒီအမှုအခြေအနေနဲ့ပတ်သက်ပြီး ပင်လည်ဘူးရဲစခန်းကိုမေးကြည့်တော့  “ ပါဝင်ပတ်သက်နေတဲ့ ယာဉ်မောင်း မြင့်လွင်ဦး (၂၄-နှစ်) ဆင်ဦးစီး ဇော်ဝင်းထွန်း (၂၁-နှစ်) ဆင်ပိုင်ရှင်ဆိုသူ ဝင်းကို (ထွက်ပြေးတိမ်းရှောင်) (ပ)၇/၂၀၁၉ ၊ ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၄၁(က) အရ  အရေးယူဆောင်ရွက် ထားရှိတယ်”  လို့ ပြောပါတယ် ။

#voiceofmyanmar#ပင်လည်ဘူး

Related posts

Leave a Comment

VOM News

FREE
VIEW