YBS မဟုတ်သော ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသီးသန့် ပြေးဆွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃-၂၀၁၉

TGH(VOM)

ရန်ကုန်မြို့ကို ပတ်ပြီးပြေးဆွဲမယ့် မြို့ပတ်ခရီးစဉ်သီးသန့်ယာဉ်လိုင်းကို ယခုလအတွင်းမှာ စတင် ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကပြောပါတယ်။

လက်ရှိ မြို့ပတ်ရထားနည်းတူ ရန်ကုန်မြို့တစ်ပတ်လုံးပြေးဆွဲမှာဖြစ်ပြီး ခရီးစဉ်အစအဆုံး အတွက်လူတစ်ယောက်ကို တစ်ထောင်ကျပ် ၊ ခရီးစဉ်လမ်းတစ်ဝက်ကိုတော့ ၅၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

” မြို့ထဲကိုပတ်မယ်၊ မြို့အပြင်ကနေပတ်မယ်၊ လမ်းကတစ်လမ်းထဲကပတ်မှာမဟုတ်ဘူး၊ လမ်းအများ ကြီးပတ်မှာဖြစ်တယ်၊ ဘယ်လမ်းကြောင်းတွေဖြစ်မယ်ဆိုတာကိုတော့ နောက်မှ တရားဝင်ကြေငြာပေး မှာဖြစ်တယ်၊ ဒီလထဲမှာ စပြီးပြေးဆွဲဖို့တော့ များတယ်၊ ကုမ္ပဏီဘက်ကလည်း စာတင်ထားတယ်၊ ဆရာ တို့ဘက်ကလည်း အမြန်ဆုံးပြေးဆွဲနိုင်အောင် လုပ်ဆောင်နေတယ်”လို့  ရန်ကုန်ုတိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။

အဆိုပါ မြို့ပတ်ကားခရီးစဉ်လမ်းကြောင်းဟာ အောင်မင်္ဂလာအဝေးပြေးကားဝန်းကနေ စတင်ထွက်ခွာပြီး  မြို့တွင်း၊ မြို့ပြင် ပတ်ပြေးဆွဲသွားမှာဖြစ်ပြီး၊ လိုက်ပါစီးနင်းမယ့် ခရီးသွားတွေအနေနဲ့ ပေးရတဲ့နှုန်းထားနဲ့ ပြန်ရတဲ့ဝန်ဆောင်မှု ညီမျှဖို့အတွက် Scania ကားကိုအသုံးပြုပြေးဆွဲမှာ ဖြစ်ပါတယ်။

“နဂိုရှိနေတဲ့ ယာဉ်လိုင်းတွေပဲ အသက်ဝင်ပါစေအုံး၊ ခုတောင်တစ်နေရာသွားရင် ပိတ်လိုက်တဲ့ကား၊  ဒါကိုမြို့ပတ်ဆိုတော့ မြို့ပတ်ပြီး ကားပိတ်တာကြည့်ခိုင်းမလို့လား၊ တကယ်စဆွဲတဲ့အချိန်ကျရင် ဘယ်လိုလဲဆိုတာကြည့်ရမှာပေါ့”လို့ YBS နေ့စဉ်စီးပြီး အလုပ်သွားရတဲ့ မမို့မို့က ပြောပါတယ်။

မြို့ပတ်ယာဉ်လိုင်းစတင်ပြေးဆွဲချိန်မှာ ယာဉ်အစီးရေး ၅၀ နဲ့စတင်ပြေးဆွဲမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ခရီးသွား ပြည်သူတွေအတွက် အမှန်တကယ်အဆင်ပြေမှုရှိမရှိကိုတော့ ကားစတင်တဲ့အချိန်ထိ စောင့်ကြည့်ရမယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတချို့က သုံးသပ်ပြောဆိုထားပါတယ်။

#voiceofmyanmar#YBSမဟုတ်သောရန်ကုန်မြို့ပတ်ယာဉ်လိုင်းသီးသန့်ပြေးဆွဲမည်#

 

Related posts

Leave a Comment

VOM News

FREE
VIEW