စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန အသစ်တိုးချဲ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်

မုံရွာ ဖေဖေါ်ဝါရီ ၆-၂၀၁၉

ဗျဂ္ဃ (VOM)

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ နောက်ထပ် ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ကြားမှာ အမျိုးမျိုးထင်ကြေးပေးပြောဆိုနေကြပေမယ့် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မီဒီယာတွေက မေးမြန်းရာမှာတော့ အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။ “ဆရာက စကားကျွံသွားမှာစိုးလို့ ဘာမှ မပြောချင်သေးဘူး။ အလုပ်နဲ့ သက်သေပြမယ်။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၈ ခုရှိတဲ့အထဲက ဝန်ကြီး ဦးကမ်ဇာမုံကိုင်တွယ်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ဆိုပြီး ဌာနတွေ အများကြီးရှိနေတာကြောင့် တာဝန်တွေများနေတဲ့အတွက် ဝန်ကြီးဌာနတိုးချဲ့ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုပြီး နောက်ထပ် အသစ်ဖွဲ့စည်းဖို့ ဆိုပြီး သတင်းထွက်ပေါ်နေတာပါ။

ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထဲက ကိုယ်စားလှယ်အချို့ကိုလည်း ရွေးချယ်ကာ နိုင်ငံတော်သမ္မတထံ တင်ပြထားတယ်လို့ ဆိုပါတယ်။ လက်ရှိအစိုးရ ၃ နှစ်ကျော်ကြာကာလအတွင်း ဝန်ကြီးတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံကိုတော့ အားမရဘူးလို့လည်း ပြည်သူတွေ၊ ကိုယ်စားလှယ်တွေကြားထဲမှာ ပြောဆိုဝေဖန်တာတွေရှိနေပါတယ်။

“ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့ဖို့တော့ လိုအပ်ပါတယ်။ ဥပမာ စိုက်မွေးဆည်တို့၊ လူမှုရေးဝန်ကြီးဌာနတို့ဆိုလို့ရှိရင် ဌာနတွေကများပြီးတော့ ဝန်ကြီးက နည်းနေတယ်။ နည်းနေတယ်ဆိုတော့ တိုးဖို့ လိုအပ်တာပေါ့။ နောက်ကျတယ်လို့တော့ ပြောလို့ရပေမယ့် အသစ်တိုးချဲ့မယ်ဆိုရင်တော့ ပိုပြီးတော့ ထောင့်စေ့လာမယ်ပေါ့။”လို့ ကနီမြို့နယ်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဝန်ကြီးချုပ်ရဲ့ သဘောထားမှတ်ချက်နဲ့ နိုင်ငံတော်သမ္မတဆီတင်ပြပြီး နိုင်ငံတော်သမ္မတကမှတဆင့် ပြန်လည်စိစစ်ကာ သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုရမှာဖြစ်ပါတယ်။ အခုလို သတင်းတွေထွက်ပေါ်နေသလို အတည်ဖြစ်မယ်ဆိုရင်တော့ အစိုးရသက်တမ်းအတွင်းမှာ ပထမဆုံးအပြောင်းအလဲလည်း ဖြစ်မှာဖြစ်ပါတယ်။

#voiceofmyanmar#စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးဌာနတိုးချဲ့မည်

Related posts

Leave a Comment

VOM News

FREE
VIEW