မြောက်ဦးမြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အချိန်အနည်းငယ်အကြာမှာ တိုက်ပွဲငယ်ထပ်မံဖြစ်ပွားခဲ့

မြောက်ဦး၊ ဖေဖော်ဝါရီ ၁၀-၂၀၁၉

ခိုင်လင်စံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းမှာ ဒီကနေ့မနက်ပိုင်း ၈ နာရီကျော်လောက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အချိန်အနည်းငယ်အကြာမှာ တိုက်ပွဲငယ်တစ်ခုထက်မံဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲဖြစ်တဲ့နေရာဟာ မြောက်ဦးမြို့နယ် မြောက်ပိုင်း ထိပ်ဝပြင်ကျေးရွာအနီးမှာရှိတဲ့ “မကျည်းကုန်း” ကျောက်ထုတ်လုပ်ရေးစခန်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ပေါက်ကွဲမှုဖြစ်တယ်ဆိုတာဟုတ်ပါတယ်၊ မနက် ၈ နာရီကျော်လောက်မှာဖြစ်ခဲ့တာပါ၊ ပေါက်ကွဲပြီးတော့မကြာခင်မှာပဲ လက်နက်ငယ်သံတွေလည်း ကြားလိုက်ရတယ်လို့ ပြောကြပါတယ်၊ တိုက်ပွဲဖြစ်ပွားတာကတော့ သိပ်အကြာကြီးတော့ မဟုတ်ဘူး၊ ၁၅မိနစ်လောက်ပဲဖြစ်ခဲ့တာပါ”လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ ရန်ကုန်-စစ်တွေကားလမ်းမ၊ မြောက်ဦး-ကျောက်တော်လမ်းပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်တဲ့အတွက် ဒီနေ့နံနက်ပိုင်းက သွားလာနေတဲ့ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကားတွေဟာ ရပ်နားနေကြရတယ်လို့ ကားသမားတစ်ဦးကပြောပါတယ်။

“ဟုတ်ပါတယ်ခင်ဗျား၊ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကျွန်တော်တို့ မြောက်ဦးမြို့နယ် လင်းမြွေတောင်နားမှာ ရပ်နေခဲ့ရပါတယ်၊ အခုတော့ တိုက်ပွဲပြီးသွားပါပြီ၊ တချို့ကားတွေလည်း စိုးရိမ်တဲ့အတွက် လှည့်ပြန်တာတွေလည်း ရှိတယ် ”လို့ မြောက်ဦး-စစ်တွေ ခရီးသည်ပို့ဆောင်ရေးကားလိုင်းမှ ကားသမားတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့အကြား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကစတင်ပြီးတော့ တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာဟာ အခုဆိုရင် သုံးလကျော်လာပြီဖြစ်ပါတယ်။

#voiceofmyanmar#မြောက်ဦး#ပေါက်ကွဲမှုဖြစ်ပြီးအချိန်အနည်းငယ်အကြာမှာတိုက်ပွဲငယ်ထပ်မံဖြစ်ပွား#

 

Related posts

Leave a Comment

VOM News

FREE
VIEW