ချင်းပြည်နယ် ဘတ်ဂျတ်ခွဲဝေမှု ချိန်ခွင်လျာ တစ်ဖက်စောင်းနင်းမဖြစ်ပဲ မျှမျှတတဖြစ်ဖို့လို

နေပြည်တော် ဖေဖော်ဝါရီ ၁၄-၂၀၁၉

မိုင်ချယ်ရီ (VOM)

ချင်းပြည်နယ် အတွင်း လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ဘတ်ဂျတ်ခွဲဝေမှုတွေမှာ ချိန်ခွင်လျှာတဖက်စောင်းနင်း မဖြစ်ပဲ မျှမျှတတ ဖြစ်ဖို့ လိုအပ်နေကြောင်း မင်းတပ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးနေလင်းအောင် က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်ဦးနေလင်းအောင် က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် အတွင်းမှာရှိတဲ့ ကျေးလက်လမ်းများကို နှစ်စဉ်ဖောက်လုပ်နေ မိုင်အကွာအဝေးထက် ပိုမိုဖောက်လုပ်ပေးရန် မေးခွန်းကို မေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖလမ်းခရိုင်မှာရှိတဲ့ လမ်းမိုင်ဟာဆိုရင် ၁၄၃၅ မိုင် ရှိပြီး ဒီလမ်းဖောက်လုပ်ဖို့ ဘတ်ဂျတ်လျာထားရာမှာ ကျပ်သန်းပေါင်း ၃ထောင်ကျော် လျာထားပြီးတော့ လမ်းမိုင် ၂၃၀၀ ရှိတဲ့ မင်းတပ်ခရိုင်ကိုတော့ ကျပ်သန်း ၁၄၀၀ ကျော်သာ လျာထားတာ တွေ့ရတာကြောင့် ဒီလိုဘတ်ဂျတ်ခွဲဝေမှု မညီမျှတာနဲ့ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးနေလင်းအောင်က “မမျှတရင် မညီညွတ်ဘူး။ မညီညွတ်ချင်းရဲ့ နောက်ကွယ်မှာ မယုံကြည်နိုင်ဘူး။ မယုံကြည်ချင်းရဲ့ နောက်ကွယ်မှာ မငြိမ်းချမ်းတော့ဘူး။ မငြိမ်းချမ်းချင်းရဲ့ နောက်ကွယ်မှာ တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်လမ်း အတွက် အဟန့်အတားတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုဆောင်ရွက်တဲ့အခါမှာ ချိန်ခွင်လျာ တစ်ဖက်စောင်းနင်း မဖြစ်ပဲနဲ့ မျှမျှတတနဲ့ ပြည်သူတွေက ဆောင်ရွက်စေချင်တဲ့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ် အတွင်းမှာရှိတဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ ဘတ်ဂျတ်ခွဲဝေတာတွေနဲ့ ပတ်သက်ပြီး ၀န်းကြီးအဖြစ် ရွေးချယ်ခံရတဲ့ မြို့နယ်တွေက ဘတ်ဂျတ်တွေ ပိုမိုရရှိကြနေကြတာတွေ နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လွှတ်တော်ကိုယ်စာလှယ်တွေက ဝေဖန်ပြောကြားမှုတွေ ရှိနေပါတယ်။ ချင်းပြည်နယ်အတွက် ဘတ်ဂျတ်ခွဲဝေရေး ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အရေးပေါ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကနေ စတင်ပြီး ချင်းပြည်နယ် ဟားခါးမြို့မှာရှိတဲ့ ပြည်နယ်လွှတ်တော်မှာ ကျင်းပနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW