ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ပွဲတွေကိုရပ်စဲပေးရေး လွှတ်တော်မှာ အဆိုတင်သွင်း

စစ်တွေ၊ ဖေဖော်ဝါရီ ၁၄-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့အကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဖြစ်ပွားမှုတွေကို အမြန်ဆုံးရပ်စဲပေးဖို့အတွက် အစိုးရကိုတိုက်တွန်းကြောင်း အဆိုတရပ်ကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့တင်သွင်းလိုက်ပါတယ်။

နှစ်ဖက်အဖွဲ့အစည်းတွေအကြား လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းဒေသက မြို့နယ်ငါးမြို့နယ် အတွင်းက ဒေသခံကျေးရွာသားတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ပြည်သူအများစုတို့ဟာ ထိခိုက်မှုတွေရှိနေတာကြောင့် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အဆိုတင်သွင်းလိုက်တာဖြစ်ပါတယ်။

“ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဒီတိုက်ပွဲတွေကို တိုက်ပါလို့ လမ်းညွှန်ထားတာကို သတင်းစာရှင်းလင်းပွဲတွေကနေ သိရပါတယ်။ တိုက်ပွဲတွေကိုရပ်စဲဖို့အတွက်လည်း သူတို့အနေနဲ့ ညွှန်ကြားပေးနိုင်လိမ့်မယ့်လို့ ယုံကြည်တဲ့အတွက် ဥပဒေဘောင်အတွင်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းတာဖြစ်ပါတယ်”လို့ အဆိုတင်သွင်းသူ ဦးဦးသန်းနိုင်က ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာလည်း တိုင်းရင်းသားအချင်းချင်းအကြားမှာဖြစ်ပွားနေခြင်းသာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ။ သေကြေကြရတာတွေဟာလည်း ပြည်ထောင်စုတိုင်းရင်းသားတွေသာဖြစ်ကြောင်းနဲ့ နောက်ထပ်ပြီးတော့ တိုက်ပွဲတွေမဖြစ်ပွားစေဖို့နဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလျှောက်လှန်းနိုင်ဖို့အတွက် နှစ်ဖက်စေ့စပ်ညှိနိုင်ပြီးတော့ အဖြေရှာသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဟိုဘက်ကောင်းတယ်။ ဒီဘက်မကောင်းဘူးဆိုပြီးပြောလို့မရဘူး။ ကျွန်တော်တို့တွေဟာ တိုင်းရင်းသားတွေပါပဲ။ ငြိမ်းချမ်းရေးလမ်းစဉ်ကို သွားနေတဲ့အချိန်မှာ နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ပြီးတော့ အဖြေရှာသင့်တယ်။ ပြည်ထောင်စုအစိုးရအနေနဲ့လည်း တိုက်ပွဲတွေကို အမြန်ဆုံးရပ်စဲပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့ကြရတဲ့ ဒေသခံစစ်ဘေးရှောင်အရေ အတွက်ဟာ ၆၀၀၀ ကျော်အထိရှိလာနေပြီဖြစ်တယ်လို့ ဦးဦးသန်းနိုင်ကဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW