ရန်ကုန်တက္ကသိုလ်မှာ ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သိပံ္ပဘွဲ့ B.Sc Fisheries and Aquaculture သင်တန်းဖွင့်

ရန်ကုန် ဖေဖေါ်ဝါရီ ၁၄-၂၀၁၉

TGH (VOM)

 

ရန်ကုန်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနမှာ  ပထမဆုံးထည့်သွင်းတဲ့  ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သိပံ္ပဘွဲ့ B.Sc Fisheries and Aquaculture သင်တန်းကို ကျောင်းသားဦးရေ ၄၀ ၀န်းကျင်နဲ့စတင်သင်ကြားနေပြီး ဘာသာရပ်သင်ကြားကြောင်း တရားဝင်ဖွင့်ပွဲကိုတော့ လာမည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သိပ္ပံဘွဲ့ရရှိပြီးသူတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ငါး၊ပုစွန် မွေးမြူရေးလုပ်ငန်း ၊ ငါးအစာစက်ရုံတွေ၊ ငါးတန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံတွေ ၊ငါးသောက်ဖောက်စခန်း လုပ်ငန်းခွင်တွေမှာ အသက်မွေး ၀မ်းကျောင်းပြု ၀င်ရောက်လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ဒီဘာသာရပ်ဟာ အချိန်အားဖြင့် လေးနှစ်တက်ရောက်ရမှာဖြစ်ပြီး အထက်ပါ နေရာတွေထဲက လုပ်ငန်းခွင်တစ်ခုမှာ လုပ်ငန်းအတွေ့အကြုံရရှိဖို့ အလုပ်သင် Internship တစ်လ၀င်ရောက်လုပ်ကိုင်ရမယ်လို့သိရပါတယ်။

“စီမံကိန်းအမည်က MYSAP မြန်မာရေသတ္တ၀ါမွေးမြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်တယ်။ ဒီငါးလုပ်ငန်းဘာသာရပ်သင်ကြားတာကို အထောက်ပံ့ပေးတာက ဒီစီမံကိန်းထဲက အစီစဉ်တစ်ခုပါ။ ဘာတွေလဲဆိုတော့ သင်ရိုးညွှန်းတမ်းရေးဆွဲတာ ၊ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စားပွဲ ၊ သင်ကြားမယ့် ဆရာဆရာမတွေကို နိုင်ငံခြားကနေ ပညာရှင်တွေကိုခေါ်ပြီး သင်တန်းပို့ချတာ စတာတွေ ကူညီထောက်ပံ့တာဖြစ်ပါတယ်။ ဘာသာရပ်စတင်သင်ကြားတာက ဒီဇင်ဘာ ၃ ရက်ကစတယ်။ တက္ကသိုလ်ပထမနှစ်တွေနဲ့အတူတူဖွင့်တယ်။ တရားဝင်ဖွင့်လှစ်ပွဲကို လာမယ့် တနင်္လာနေ့မှာလုပ် မှာပါ။”လို့ MYSAP စီမံကိန်း မှမီဒီယာနှင့်ဆက်သွယ်ဆက်ဆံရေး  ကိုသက်ကိုကိုက ပြောပါတယ်။

ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်ကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အောင်မှတ် ၄၂၀ ရရှိသူ ၊ ဇီဝဗေဒ ရမှတ်အနိမ့်ဆုံး ၇၅ မှတ်နဲ့ အင်္ဂလိပ်စာ အနိမ့်ဆုံး ၆၀ မှတ်ရရှိတဲ့သူတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ သင်ကြား မှုအပိုင်းမှာ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ပါမောက္ခတွေ ပညာရှင်တွေက ပို့ချမှာဖြစ်တယ် လို့ဆိုပါတယ်။

ဘာသာရပ်သင်ကြားရေးအထောက်အကူတွေအတွက်လည်း ဓာတ်ခွဲခန်း ၊ကွင်းဆင်းစခန်း ၊ ရေနဲ့အောက်ဆီဂျင် စနစ်အပါအ၀င် စတဲ့ သင်ကြားရေအထောက်အကူတွေနဲ့ လက်တွေ့ဓာတ်ခွဲခန်းအတွေ့အကြုံရရှိအောင် စီစဉ်ပေးထားတယ်လို့သိရပါတယ်။ ၄င်းဘာသာရပ်သင်တန်း သင်ကြားခြင်းအစီအစဉ်က GIZ မြန်မာ၊ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းဖော်ဆောင်နေတဲ့ MYSAP စီမံကိန်းက လုပ်ဆောင်နေတဲ့ လုပ်ငန်းကဏ္ဍ ၆ ခုအနက်မှ အစီအစဉ်တစ်ခုဖြစ်ပြီး MYSAP စီမံကိန်း ငွေကြေးဆိုင်ရာအထောက်အပံ့အတွက်ကိုမူ ဥရောပသမဂ နဲ့ ဂျာမနီအစိုးရက ယူရို ၂၂.၂၅ သန်းထောက်ပံ့ထားတာဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW