မြင်စိုင်းမြို့ဟောင်းဝန်းကျင် ထုံးကျောက်မိုင်းခွဲလို့ ရှေးဟောင်းအမွေအနှစ် ပျက်စီးမှု တိုင်းအစိုးရကို အကြံပြုစာပို့မည်

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉

TGH(VOM)

 

မြင်စိုင်း မြို့ဟောင်းရဲ့ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ထုံးကျောက်တောင်ကနေ ထုံးကျောက်ထုတ်ယူဖို့အတွက် မိုင်းခွဲရာမှ စိတ္တဂုတ္တဂူအတွင်းရှိ ပင်းယခေတ် ၁၄ ရာစု နံရံပန်းချီတွေ ပြိုကျခဲ့တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရထံကို ယခုလအတွင်း အကြံပြုချက်တွေ တရားဝင်ပေးပို့သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းရဲ့ အတွင်းရေးမှူး ကိုသူရအောင်က ပြောပါတယ်။

 

” ဖြစ်စဉ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို တင်ပြပြီး ဒီဖြစ်စဉ်ကို ဥပဒေအရ ဘယ်လိုအားနည်းချက်တွေကြောင့်ဖြစ်တယ်၊ တည်ဆဲဥပဒေတွေကို အသုံးချပြီး ဘယ်လိုဖြေရှင်းရမယ်၊ ဝန်ကြီးဌာန နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတို့ ဘယ်လိုပူးပေါင်းဖြေရှင်းရမယ် စတဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာကို ပေးပို့မှာဖြစ်တယ်။ ရှေ့တစ်ပတ်ထဲမှာ အကြံပြု စာပေးပို့သွားမှာဖြစ်တယ်။ ဒါတွေက စစ်ဆးရုံနဲ့ ပြီးတဲ့ကိစ္စမဟုတ်တာကြောင့် အကြံချက်ကတော့ပို့မှာဖြစ်တယ်”လို့ ဆိုပါတယ်။

 

၎င်း အကြံပြုချက်ကို ရေးသားပြီးရင် ဥပဒေအရတာဝန် ရှိတဲ့ ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်အမိန့်ထုတ်ပြန်ခြင်း အပါအဝင် ညှိနှိုင်းအမိန့်ပေးတားဆီးဖို့နဲ့ မတူတဲ့ ဝန်ကြီးဌာနတွေ ညှိနှိုင်းဖို့အပိုင်းက အစိုးရတာဝန်ဖြစ်တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုပါ ပေးပို့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

မြင်စိုင်းမြို့ဟောင်းက ၂၀၁၈ ခုနှစ်သြဂုတ်လ ၂၅ ရက်နေ့မှာ နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ခံ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းဝင်ထားတဲ့ အမွေအနှစ်တစ်ခုလည်းဖြစ်သလို ပင်းယခေတ်သမိုင်းကို ပြန်လည်ဖော်ထုတ်နိုင်တဲ့ တစ်ခုတည်းသော မြို့ဟောင်းဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပုဂံခေတ်နှောင်းပိုင်းကာလ သမိုင်းကိုလေ့လာနိုင်မဲ့ အရေးကြီးသော ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အထောက်အထားတွေ ကိန်းအောင်းနေတဲ့ အရေးကြီးတဲ့နေရာလည်းဖြစ်ပါတယ်။ အမွေအနှစ်ဆိုတာ တစ်ကြိမ် ပျက်စီးသွားတာနဲ့ တစ်သက်လုံးပြန်မရနိုင်တော့တဲ့ အဖိုးတန်ပစ္စည်းဖြစ်တဲ့အပြင် ယခုလို အကဲဆတ်လှတဲ့ အရာတွေကို စီမံဖို့ ကာကွယ်ထိန်းသိမ်းတဲ့နေရာမှာ အဆင့်တိုင်း သေချာပြီး စနစ်ကျဖို့လိုအပ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW