တောင်သူတွေကို ကာလလတ်၊ ကာလရှည်ချေးငွေတွေထုတ်ချေးပေးဖို့ မူဝါဒမရှိသေး

စစ်တွေ၊ ဖေဖော်ဝါရီ ၂၈-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းက မိုးစပါးစိုက်ပျိုးလုပ်ကိုင်နေကြတဲ့တောင်သူတွေဟာ ချေးငွေတွေကို ကာလတိုအဖြစ်သာရယူပြီး လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိနေတာကြောင့် ကာလလတ်၊ ကာလရှည်စနစ်နဲ့ထုတ်ချေးပေးဖို့ အတွက် ရခိုင်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့မှာ ဂွမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက မေးမြန်းခဲ့တာဖြစ်ပါတယ်။

 

အခုလိုလွှတ်တော်မှာ မေးခွန်းမေးမြန်းရတာဟာ လက်ရှိမှာတောင်သူတွေဟာ ချေးငွေတွေကိုတစ်နှစ်အတွင်း ပြန်လည်ပေးသွင်းနေကြရတာကြောင့် သတ်မှတ်ရက်အတွင်း ချေးငွေတွေကိုပြန်လည်ပေးသွင်းနိုင်ဖို့အတွက် မိမိတို့စိုက်ပျိုးထားတဲ့သီးနှံတွေကို ဈေးကောင်းမရရှိဘဲ ရောင်းချနေကြရတဲ့အတွက် ချေးငွေကာလတွေကို တိုးမြှင့်ပေးဖို့လိုအပ်နေတာကြောင့် ဖြစ်တယ်လို့ မေးခွန်းမေးမြန်းခဲ့တဲ့  ဦးစိုးဝင်းက ပြောပါတယ်။

တောင်သူတွေက အစိုးရဆီကချေးငွေတွေကို တစ်ဧကကို ကျပ် ၁၅၀၀၀၀ နှုန်းနဲ့ ချေးငွေတွေရရှိနေတယ်။ ဒါပေမယ့် အဲ့ဒီငွေတွေကို တစ်နှစ်အတွင်းပြန်ဆပ်ရတယ်။ သီးနှံပေါ်တဲ့အချိန်မှာဆပ်ရတာဖြစ်တယ်။ ဒါကြောင့် တောင်သူတွေဟာ သူတို့ရဲ့သီးနှံတွေကို ဈေးကောင်းရရှိလာမယ့်အချိန်ကို စောင့်ဆိုင်းပြီးရောင်းချခွင့်မရဘူး။ ဈေးအနိမ့်နဲ့ရောင်းပြီးတော့ ပြန်ဆပ်နေရတယ်။ ဒါကြောင့်သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေပါတယ်။ ဒါကို ချေးငွေကာလ တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းကပြောပါတယ်။

 

ဒါ့အပြင် အဲ့ဒီလိုချေးငွေတွေကို ကာလလတ်၊ ကာလရှည်စီမံကိန်းတွေချမှတ်ပြီး တောင်သူတွေကိုထုတ်ချေးပေးနိုင်ရေး အတွက် အစိုးရဘဏ်ဒါမှမဟုတ် အစိုးရကအသိအမှတ်ပြုထားတဲ့ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ဖွင့်လှစ်ပေးဖို့ကိုလည်း ထောက်ပြဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းဝန်ကြီး ဦးကျော်အေးသိန်းက ပြန်လည်ဖြေကြားတာကတော့

 

“တောင်သူတွေ သီးနှံစိုက်ပျိုးဖို့အတွက် ကျွန်တော်တို့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ကနေ ချေးငွေတွေကို နှစ်စဉ်ထုတ်ချေးပေးနေပါတယ်။ ဆောင်းသီးနှံ၊ နွေသီးနှံ၊ မိုးကြိုသီးနှံ၊ မိုးသီးနှံအတွက်ဆိုပြီးတော့ ချေးငွေတွေ ထုတ်ချေးပေးပါတယ်။ ကာလတိုပဲချေးပေးနေတာပါ။ ကာလလတ်တို့၊ ကာလရှည်တို့ကျတော့ အဲ့ဒီလိုချေးပေးဖို့အတွက် နိုင်ငံတော်မှာ မူဝါဒမရှိပါဘူး။ ဒါကြောင့် မူဝါဒတစ်ရပ် ရေးဆွဲပြီးရင်တော့ ချေးပေးနိုင်မှာဖြစ်ပါတယ်။”လို့ ဖြေကြားခဲ့ပါတယ်။

 

လက်ရှိမှာ တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို သီးနှံပေါ်ချိန်တွေမှာ သီးနှံတွေကိုရတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပြီး မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ကို ပြန်လည်ပေးသွင်းနေရတာကြောင့် နှစ်စဉ်အရှုံးနဲ့ရင်ဆိုင်နေကြရပြီး အခုထက်ပိုမိုကောင်းမွန်တဲ့ ချေးငွေစနစ်တစ်ခုကို ပြောင်းလဲသတ်မှတ်နိုင်မယ်ဆိုလို့ရှိရင် တောင်သူတွေအတွက် အကျိုးခံစားခွင့်ရရှိလာမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြပြောဆိုခဲ့ပါတယ်။

 

#voiceofmyanmar#ရခိုင်ပြည်နယ်လွှတ်တော်#နှစ်လတ်နှစ်ရှည်ချေးငွေ#ဂွမြို့နယ်လွှတ်တော်ကိုယ်စားလှယ်#ကာလလတ်ကာလရှည်

Related posts

Leave a Comment

VOM News

FREE
VIEW